ဧပြီ ၂ ရက် ငလျင်သတင်း စုစည်းမှု
- BVJ
- Apr 6
- 4 min read
ငလျင် ငါးရက်မြောက်မနက်တွင် ပြိုကျအဆောက်အဦအောက် အသက်ရှင်နေသူတစ်ဦးကို ထပ်မံကယ်ထုတ်လာနိုင်
အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦရဲ့ အောက်ဆုံး(၂)ထပ်ပြိုကျပြီး ပိတ်မိနေသူ နှစ်ဦးထဲကနေ အမျိုးသားတစ်ဦးကို ငလျင်လှုပ်ပြီး၅ ရက်မြောက်နေ့ ဒီနေ့ ဧပြီ ၂ရက် မနက်အစောပိုင်း(သန်းခေါင်အချိန်)မှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
တူရကီနိုင်ငံ GEA Search and rescue အဖွဲ့ဝင်တွေနဲ့ မြန်နိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းကာ အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပြီး ကျန်နေတဲ့နောက်ထပ်တစ်ဦးကို ဆက်လက် ရှာဖွေနေတယ်လို့ သိရပါတယ်။
ငလျင်ကြီးလှုပ်ခတ်ပြီးနောက် နောက်ဆက်တွဲငလျင်ငယ် ၅၁ကြိမ် ထပ်လှုပ်ခဲ့
မြန်မာနိုင်ငံမှာ မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အား ၇.၇ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ခဲ့ပြီးနောက်မှာ နောက်ဆက်တွဲ ရစ်ချ်တာစကေး ၄ အထက်ရှိတဲ့ငလျင်ငယ်တွေ (၅၁)ကြိမ်ခန့်လှုပ်ခတ်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဒီနေ့အသိပေးပါတယ်။

ငလျင်ကြီးလှုပ်ခတ်ပြီး အဆောက်အအုံ၊တိုက်၊ကျောင်းဆောင်၊ ဗလီစတာတွေပြိုကျပြီး လူတွေထောင်နဲ့ချီသေဆုံးမှုဖြစ်၊ ထိခိုက်ဒဏ်ရာတွေရရှိခဲ့တာကြောင့် နောက်ဆက်တွဲငလျင်ငယ်တွေ ဆက်လှုပ်နေချိန်မှာ ပြည်သူတွေအနေနဲ့စိုးရိမ်ပူပန်မှုများစွာ ဖြစ်ပေါ်နေကြပါတယ်။
ဒါကြောင့် ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ နေပြည်တော်၊ မန္တလေး၊စစ်ကိုင်းအပါအဝင် ဒေသအများစုမှာ ညဘက်တွေ နေအိမ်တွေ တိုက်ခန်းတွေမှာမနေရဲ၊ မအိပ်ရဲကြဘဲ လမ်းမတွေပေါ်မှာထွက်နေကြရပါတယ်။
နေပြည်တော်မှာနေထိုင်သူအမျိုးသမီးတစ်ဦးက “ငလျင်ဖြစ်တဲ့ညကတည်းက လမ်းမပေါ်ထွက်အိပ်နေကြတာ၊ အခင်းတွေအထပ်ထပ်ခင်းပြီးအိပ်တာတောင် အောက်ကပူ အပေါ်ကအေးနဲ့မို့အိပ်မရဘူး။ မနေ့ကတော့ မီးလည်းလာတော့အိမ်မှာပဲအိပ်မယ်ဆိုပြီးနေတာ ငလျင်ထပ်လှုပ်လို့ အပေါ်ထပ်ကနေပြန်ဆင်းပြေးလာရတယ်။ အခုကအသံတခုကြားနဲ့ကို အရမ်းကြောက်နေကြတာ”လို့ Burma VJကိုပြောပါတယ်။
ငလျင်ရဲ့သဘောသဘာဝအရ ငလျင်ကြီးရဲ့ နောက်ဆက်တွဲဖြစ်စဉ်တွေဖြစ်တတ်တာကြောင့် အလွန်အမင်းစိုးရိမ်ကြောင့်ကြမှုမဖြစ်ကြဖို့ကို NUGက ပြောထားပါတယ်။
ဒါကြောင့် နောက်ဆက်တွဲ ငလျင်ငယ်တွေကြောင့် စိုးရိမ်ထိတ်လန့်မှုခံစားနေရသူတွေ ဘေးသင့်ပြည်သူတွေအနေနဲ့ ငလျင်ပြင်းအားအလိုက် သက်ရောက်နိုင်မှုအနေအထားကို သိရှိနားလည်ပြီး စိတ်ပူပင်သောကတွေ အတန်အသင့် လျော့ပါးနိုင်စေဖို့ဆိုပြီး ငလျင်ပြင်းအားတွေနဲ့သက်ရောက်မှုအခြေအနေတွေကို NUGက ထုတ်ပြန်လာပါတယ်။
ကိုရီးယားအနုပညာရှင်တွေ မြန်မာငလျင်ဘေးအတွက် ပါဝင်လှူဒါန်း
ကိုရီးယားမင်းသမီး Kim Go-eun၊ မင်းသား Im Si-wanနဲ့ အဆိုတော် Minnieတို့ဟာ မြန်မာငလျင်ဘေးအတွက် ကိုရီးယားဝမ် ပါဝင်လှူဒါန်းခဲ့တယ်လို့ ကိုရီးယားသတင်းတွေက ဖော်ပြပါတယ်။
လက်ရှိမှာ မြန်မာပရိတ်သတ်တွေကြားရေပန်းစားနေတဲ့ Guardian: The Lonely and Great Godနဲ့ Exhuma ကိုရီးယားဇာတ်လမ်းတို့က မင်းသမီး Kim Go-eun က ဝမ်သန်း(၅၀)၊ မင်းသား Im Si-wanက ဝမ်သန်း (၃၀)နဲ့ အဆိုတော် Minnieကတော့ ဝမ်သန်း(၁၀၀)လှူတာပါ။
မင်းသားက မြန်မာ့ငလျင်ဘေးသင့်ကလေးငယ်တွေကို အရေးပေါ်အကူအညီပေးရေးကမ်ပိန်းမှာ ရန်ပုံငွေထည့်ဝင်လှူဒါန်းတာဖြစ်ကြောင်းကို UNICEFကိုရီးယားက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နာမည်ကြီး K-popအမျိုးသမီးအဖွဲ့ (G)I-DLEရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ ထိုင်းလူမျိုး အဆိုတော် Minnie ဟာလည်း ငလျင်ဘေးအတွက် ဝမ်သန်း ၁၀၀ လှူဒါန်းပြီး ဒီအလှူငွေက ငလျင်ဒဏ်သင့် မြန်မာနဲ့ထိုင်းအတွက် ခွဲဝေသုံးစွဲမှာဖြစ်တယ်လို့ သိရပါတယ်။
အဆိုတော် Minnieက ကိုရီးယားကြက်ခြေနီအသင်းကို လှူလိုက်တာဖြစ်ပြီး အဲ့ဒီအသင်းကနေတဆင့် ငလျင်ဒဏ်ခံရတဲ့နေရာတွေကို ပြန်လည်ခွဲဝေပေးသွားမယ်လို့ ကိုရီးယားသတင်းတွေက ဖော်ပြပါတယ်။
မတ်လ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့ကို အရေးပေါ်အခြေအနေကြေညာထားပြီး လက်ရှိမှာ သေဆုံးသူ သုံးထောင်နီးပါးရှိလာပြီဖြစ်ပါတယ်။
လက်ရှိမှာ နိုင်ငံတကာကရောက်လာတဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ မြန်မာနိုင်ငံတွင်းက အဖွဲ့တွေ ပူးပေါင်းပြီး ငလျင်ဒဏ်သင့်ဒေသတွေက ပြိုကျအပျက်အစီးတွေအောက်က ပိမိပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ငလျင်ကြောင့် ပြည်သူထောင်ချီသေဆုံး၊ဒုက္ခရောက်နေချိန် သင်္ကြန်ပွဲတော်လုပ်ဖို့ စစ်ကောင်စီပြင်ဆင်
ငလျင်ဘေးဒဏ်ကြောင့် ပြည်သူ ၃၀၀၀ နီးပါး သေဆုံးနေချိန် နှစ်သစ်ကူးသင်္ကြန်ပွဲတော်ကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီက မနေ့ ဧပြီ ၁ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ဝမ်းနည်းပူဆွေးနေရတာကြောင့် သင်္ကြန်ပွဲတော်ကို အပျော်အပါး သီဆိုကခုန်မှုတွေမပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့ သင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် သေဆုံးထိခိုက်သူတွေများပြားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုတွေများခဲ့တာကြောင့် အခုနှစ် ကျင်းပဖို့ပြင်ဆင်နေတဲ့ ဆုန်ခရမ် သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းကြောင်းကို မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြုံတွေ့နေရတဲ့ဒေသတွေက ထိခိုက်သေဆုံးခဲ့ရသူ များပြားခဲ့တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက အခုနှစ် သင်္ကြန်ပွဲတော်ကို ကျင်းပမှာမဟုတ်ကြောင်း မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သလို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားအဖွဲ့ (NDAA) ကလည်း ငလျင်ဘေးသင့်သူတွေကို စာနာထောက်ထားတာကြောင့် မူလစီစဉ်ထားတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။
ငလျင်ဘေးဒဏ်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံအဖွဲ့တွေက ယာယီထိုးစစ်ရပ်စဲကြောင်း ထုတ်ပြန်ထားပေမဲ့ စစ်ရေးဖော်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ မနေ့ ဧပြီ ၁ ရက်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားပါသေးတယ်။
ငလျင် ငါးရက်မြောက်နေ့ရှာဖွေမှုကနေ အလှမယ်တစ်ဦးအပါအဝင် သေဆုံးသူ (၆)ဦး တွေ့ရှိ
ဒီနေ့ ဧပြီ ၂ရက်နေ့ဟာ ငလျင်ကြီးလှုပ်ခတ်တာ ငါးရက်မြောက်နေ့ဖြစ်ပြီး အဆောက်အဦးပြိုကျ အပျက်အစီးတွေအောက်မှာ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။
ဒီနေ့မနက်ပိုင်းရှာဖွေမှုအရ မန္တလေး အောင်မြေသာစံမြို့နယ်၊ Sky Villa အဆောက်အဦပြိုကျအပျက်အစီးတွေအောက်က အမျိုးသမီး (၂)ဦး၊ အမျိုးသား (၁)ဦး၊ ပျော်ဘွယ်မြို့ ကမ္ဘောဇဘဏ်အဆောက်အဦပြိုကျပျက်စီးမှုအောက်ကနေ အမျိုးသမီး (၂)ဦးနဲ့ ရှမ်းပြည်နယ်၊ ဟိုတယ်အောင်ပန်း ပြိုကျမှုအတွင်းကနေ အမျိုးသမီး(၂)ဦးတို့ကို သေဆုံးလျက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒါ့အပြင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ ဟိုတယ်အေးချမ်းသာ(၆)ထပ်အဆောက်အဦ ပြိုကျမှုအတွင်းကနေ အမျိုးသားတစ်ဦးကိုတော့ အသက်ရှင်လျက် ဒီနေ့မနက်အစောပိုင်းမှာ ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ဒီနေ့မနက်ပိုင်းရှာဖွေမှုအတွင်း Sky Villaကွန်ဒိုက ရှာဖွေတွေ့ရှိခဲ့တဲ့ အမျိုးသမီးရုပ်အလောင်းနှစ်ခုထဲက တစ်ခုဟာ Miss Tourism Myanmar 2018 - အလှမယ် ဆီလီမီးဖြစ်တယ်လို့ Miss Tourism Myanmarက ကြေညာထားပါတယ်။
“Miss Tourism World 2018 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော 1st Miss Tourism Myanmar (Miss Tourism Myanmar 2018) - အလှမယ် ဆီလီမီးသည် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် ငလျင်တွင် မန္တလေးမြို့ Sky Villa ပြိုကျမှု၌ ပိတ်မိနေခဲ့ပြီး ယနေ့ ၂၀၂၅ခုနှစ်၊ ဧပြီလ (၂)ရက်နေ့တွင် အသက်မရှိသောကိုယ်ခန္ဓာကိုသာ ကယ်ဆယ်ရေးအဖွဲ့များမှ ပြန်လည်တွေ့ရှိခဲ့ပြီး အမှန်တကယ်သေဆုံးကြောင်း အတည်ပြုခဲ့ပါသည်”လို့ အထူးဝမ်းနည်းကြေကွဲကြောင်း ဖော်ပြထားပါတယ်။
လက်ရှိမှာ Sky Villaကွန်ဒိုအပါအဝင် ငလျင်ကြောင့်ပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦးတွေအတွင်း ပြိုကျ ပိမိနေသူတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ရှာဖွေမှုတွေဆက်လက်ပြုလုပ်နေဆဲဖြစ်ပါတယ်။
မြွေကိုက်လို့သေဆုံးသူ ဆယ်ဦးကျော်ရှိလာ၊ ငလျင်သင့်ဒေသတွေ မြွေအန္တရာယ် အထူးသတိပြုဖို့ လို
ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ ငလျင်သင့်ဒေသတွေအနေနဲ့ မြွေအန္တရာယ်နဲ့ အခြားအဆိပ်ရှိသတ္တဝါတွေရဲ့အန္တရာယ်တွေကို သတိပြုနေထိုင်ကြဖို့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေက သတိပေးနှိုးဆော်ထားကြပါတယ်။
ငလျင်ကြောင့် တွင်းအောင်းသတ္တဝါတွေဟာ သူတို့ရဲ့ စားကျက်မြေတွေဆုံးရှုံးသွားတဲ့အတွက် မြွေတွေက ပြိုကျပျက်စီးနေတဲ့အဆောက်အအုံတွေကြားထဲမှာ ပုန်းအောင်းနေတတ်ကြတာကြောင့် အသွားအလာဂရုစိုက်ကြဖို့ လိုအပ်ပါတယ်။

လက်ရှိအချိန်ထိ မန္တလေးမှာတော့ မြွေကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့သူမရှိသေးဘူးဆိုပေမယ့် စစ်ကိုင်းမြို့နဲ့ အနီးတဝိုက်ကျေးရွာတွေမှာတော့ မြွေကြောင့် အသက်ဆုံးရှုံးခဲ့တဲ့သူ (၁၀) ဦးအထက်ရှိခဲ့ပြီလို့ သိရပါတယ်။
“ကျွန်တော်တို့ ကယ်ဆယ်ရေးလုပ်ခဲ့တဲ့နေရာတွေမှာတော့ မြွေကြောင့်ထိခိုက် သေဆုံးတဲ့သူမရှိသေးပါဘူး။ ဒါပေမယ့် စစ်ကိုင်းမြို့ရယ် အနီးတဝိုက်ရွာတွေရယ်မှာတော့ မြွေကြောင့် သေဆုံးခဲ့တဲ့သူ ၁၀ ဦးကျော်ရှိတယ်လို့ သိရတယ်။ အခု ကျွန်တော်တို့ သွားနေတဲ့နေရာတွေကိုတော့ မြွေဆိပ်ဖြေဆေးတွေထည့်သွားတယ်။ အဓိကအားဖြင့် မြွေဟောက်လိုမျိုး အဆိပ်ရှိတဲ့မြွေတွေ အကိုက်ခံရတာများတယ်လို့ သိရတယ်။ အကိုက်ခံရတဲ့သူတွေကတော့ အများကြီးပဲ ” လို့ စစ်ကိုင်းမြို့ကို ကယ်ဆယ်ရေးအတွက် သွားရောက်ကူညီနေတဲ့ စေတနာ့ဝန်ထမ်းတစ်ယောက်က Burma VJ ကို ပြောပါတယ်။
ငလျင်ဖြစ်ပေါ်ပြီးတဲ့ဒေသတွေမှာ မြွေအန္တရာယ်ကို ဂရုစိုက်ရှောင်ရှားကြဖို့ကိုလည်း မြန်မာနိုင်ငံညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် အခြားကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ အဖွဲ့အစည်းတွေနဲ့ ကူညီကယ်ဆယ်ရေးအတွက် ပြုလုပ်နေတဲ့ အဖွဲ့အစည်းတွေကလည်း သတိပေးထား ထုတ်ပြန်ချက်တွေထုတ်ထားပါတယ်။
ကယ်ဆယ်ရေးသမားတွေအနေနဲ့လည်း ဖိနပ်ရှည်အထူတွေ လက်အိတ်တွေဝတ်ဆင်သင့်ပြီး မြွေနဲ့တွေ့တဲ့အခါ မျက်လုံးကို အဆိပ်မှုတ်ခံရနိုင်တဲ့ အခြေအနေတွေကြောင့် မျက်မှန်တွေကို တပ်ဆင်ထားသင့်ကြောင့်နဲ့ မျက်လုံးကိုအဆိပ်မှုတ်ခံရပါက အရေးပေါ်အနေနဲ့ မျက်လုံးကို ရေသန့်နဲ့ အကြိမ်ကြိမ်ဆေးချဖို့ လိုတဲ့အကြောင်းလည်း အသိပေးထားကြပါတယ်။
မြွေကိုက်မခံရအောင် ရှုးဖိနပ်အပိတ် ဒါမှမဟုတ် ဘွတ်ဖိနပ်စီးပြီး ခြေလှမ်းတိုင်းသတိထားဖို့နဲ့ အိမ်နံရံတွေမှာ မြွေဝင်နိုင်တဲ့ အပေါက်တွေရှိရင် ပိတ်ပစ်ဖို့လိုအပ်သလို ထင်းချောင်းပုံတွေကို အိမ်နဲ့အဝေးမှာထား၊ အိပ်ယာတွေကို ကြမ်းပြင်အထက်မြှင့်၊ ခြင်ထောင်,ထောင်အိပ်ဖို့နဲ့ နေအိမ်ပတ်လည်က ခြုံတွေ အမှိုက်တွေရှင်းထားပြီး ကြိုတင်ကာကွယ်ထားကြဖို့လည်း လိုအပ်ပါတယ်။
မြွေကိုက်ခံရခဲ့ရင်လည်း နီးစပ်ရာကျန်းမာရေးဌာနကို ချက်ချင်းသွားရမှာဖြစ်လို ဆေးရုံဆေးခန်းဝေးတဲ့ဒေသတွေ ဖြစ်ခဲ့မယ်ဆိုရင်တော့ ရှေးဦးသူနာပြုစုနည်းနဲ့ပြုစုပြီး ဆေးရုံကို အမြန်ဆုံး သွားသင့်ပါတယ်။
ငလျင်ဘေး အပြည့်အဝမကူညီနိုင်တာကြောင့် NUGတောင်းပန်
အမျိုးသားညီညွတ်ရေးအစိုးရ-NUGအနေနဲ့ စိုးမိုးနယ်မြေတွေမှာသာ ငလျင်ဘေးဒဏ်သင့်လူထုကို ကူညီကယ်ဆယ်မှုတွေ အပြည့်အဝအားစိုက်လုပ်နိုင်ခဲ့တာကြောင့် ပြည်သူလူထုကို လေးနက်စွာတောင်းပန်တယ်လို့ ထုတ်ပြန်ပါတယ်။
“အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် မိမိတို့၏ စိုးမိုးနယ်မြေများတွင် ငလျင်ဘေးဒဏ်သင့်လူထုကို ၇၂ နာရီအတွင်း ကူညီကယ်ဆယ်မှုများ အပြည့်အဝအားစိုက်လုပ်နိုင်ခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီ စိုးမိုးဒေသများတွင် ကိုယ်ထိလက်ရောက် ဝင်ရောက်မကူညီနိုင်ခဲ့သည့်အတွက် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရပြီး ငလျင်ဘေးသင့် ပြည်သူလူထုကို လေးနက်စွာ တောင်းပန်အပ်ပါသည်”

မြန်မာ သင်္ကြန်ရက်ဖြစ်တဲ့ အခုလ ၁၃ရက်ကနေ ၂၀ရက်အထိကိုလည်း နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ဝမ်းနည်းကြေကွဲမှုနဲ့ နှစ်သိမ့်အားပေးမှုရက်သတ္တပတ်အဖြစ် NUG ကသတ်မှတ်လိုက်ပါတယ်။
အဲ့ဒီကာလအတွင်းမှာ ပြည်တွင်းပြည်ပနေ ပြည်သူတွေအနေနဲ့လည်း ပြည်သူမှ ပြည်သူသို့ နှစ်သိမ့်အားပေး ခြင်းတွေကို တဦးချင်းအနေနဲ့ဖြစ်စေ၊ အစုအဖွဲ့နဲ့ဖြစ်စေ ကုသိုလ်ကောင်းမှု၊ ဆုတောင်းမှု၊ ငလျင်ဒဏ်ခံ ပြည်သူတွေကို စာနာရိုင်းပင်းကြောင်းပြသတဲ့ လုပ်ဆောင်မှုတွေကို ဆောင်ရွက်ပေးကြဖို့လည်း တိုက်တွန်းထားပါသေးတယ်။
ဒါ့အပြင် ငလျင်ဘေးဒဏ်ခံရချိန်မှာတောင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေကို နေ့စဉ်ရက်ဆက် လူသားမဆန်စွာလုပ်ဆောင်နေဆဲဖြစ်တာကြောင့် NUGအနေနဲ့ဒီဖြစ်ရပ်တွေအတွက် တရားမျှတမှု ပြန်လည်ရရှိရေး အစွမ်းကုန်ကြိုးပမ်းမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
စစ်ကောင်စီကတော့ မြန်မာနိုင်ငံမှာကြုံတွေ့နေတဲ့ ငလျင်ဘေးအတွက် မတ် ၃၁ ရက်ကနေ အခုလ ၆ ရက်အထိကို နိုင်ငံအဆင့်ဝမ်းနည်းရက်တွေသတ်မှတ်ပြီး အလံတိုင်တဝက်လျော့ချ လွှင့်ထူဖို့ကြေညာထားပါတယ်။
ဒါ့အပြင် NUGနဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA, TNLAနဲ့ AAတို့က ငလျင်ကြောင့် ထိုးစစ်တွေကို ယာယီရပ်စဲကြောင်းကြေညာပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ငလျင်ဒဏ်သင့်နေပေမဲ့ လိုအပ်တဲ့ကာကွယ်ရေးတွေ ဆက်လုပ်မယ်လို့ မနေ့က ညပိုင်းမှာ ထုတ်ပြောထားပါတယ်။
ငလျင်ဘေးလာကူမယ့် တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီ သေနတ်နဲ့ပစ်၊ မိုးပေါ်ထောင်ပစ်ခြင်းသာဖြစ်ဟု စစ်ကောင်စီပြောခွင့်ရ ငြင်းဆို
ငလျင်ကယ်ဆယ်ရေးအတွက် မန္တလေးမြို့ကိုလာရောက်တဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းကို စစ်ကောင်စီတပ်ဖွဲ့တွေက ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့၊ အုမ္မတီးကျေးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုလုပ်ဆောင်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့တာမဟုတ်ဘဲ သေနတ်ကို မိုးပေါ်ထောင်ပစ်ခဲ့တာလို့ အခုနေ့လယ်မှာ ငြင်းဆိုလာပါတယ်။

မနေ့က ဧပြီ ၁ ရက် ည ကိုးနာရီဝန်းကျင်မှာ ကား ၉ စီးပါ တရုတ်ကြက်ခြေနီယာဉ်တန်းကို အုမ္မတီးကျေးရွာအနီးမှာ စစ်ကောင်စီဘက်ကပစ်ခတ်ခဲ့တာကြောင့် ကြက်ခြေနီယာဉ်တန်း ရှေ့ဆက်မသွားတော့ဘဲ နောင်ချိုမြို့ကို ပြန်လှည့်လာရကြောင်းနဲ့ အဲ့ဒီတရုတ်ကြက်ခြေနီယာဉ်တန်းဟာ မန္တလေးမြို့ကိုသွားမယ့်အကြောင်းကိုလည်း စစ်ကောင်စီဆီ သတင်းပေးပို့ထားပေမဲ့ လမ်းခရီးမှာ အခုလိုပစ်ခတ်ခံရတာဖြစ်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ကြက်ခြေနီယာဉ်တန်းကို ပစ်ခတ်ခဲ့တာမဟုတ်ဘဲ သေနတ်ကို မိုးပေါ်ထောင်ခြောက်လှန့်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ ဒီနေ့ ဧပြီ ၂ ရက်မှာ ပြောလာတာပါ။ ဒါ့အပြင် နောင်ချိုကနေတဆင့် မန္တလေးကိုလာတဲ့ တရုတ်ကြက်ခြေနီယာဉ်တန်းအဖွဲ့ဟာ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကြိုတင်အကြောင်းတာမျိုးလည်းမရှိဘူးလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ငလျင်ကယ်ဆယ်ရေး ထောက်ပံ့ရေးပစ္စည်းတွေပါ သယ်ဆောင်လာတဲ့ တရုတ်ကြက်ခြေနီ ကုန်တင်ယာဉ်တန်းဟာ စစ်ကောင်စီတပ်ဖွဲ့က တားဆီးပေမဲ့မရတာကြောင့် ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ ဇော်မင်းထွန်းက ပြောဆိုထားပြီး အဲဒီယာဉ်တန်းဟာ မြန်မာနိုင်ငံက ကုန်ကားတွေဖြစ်တယ်လို့ ဝေဖန်ပြောဆိုထားပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
မူကြိုကျောင်းပြိုကျမှုအတွင်းသေဆုံးခဲ့တဲ့ ကလေးငယ် ၂၅ယောက်နဲ့ ဆရာမနှစ်ယောက်ကို အမိန့်စာပြန်
မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့ရှိ Bright Kids မူကြိုကျောင်းပြိုကျခဲ့ပြီး အဲ့ဒီပြိုကျမှုအတွင်း မူကြိုတက်နေတဲ့ကလေးငယ် (၂၅)ယောက်နဲ့ ဆရာမ (၁)ယောက်၊ ကျောင်းမုန့်စျေးတန်းက အမျိုးသမီး(၁)ဦး စုစုပေါင်း (၂၇)ယောက်သေဆုံးခဲ့ရပါတယ်။
မူကြိုကလေးငယ်လေးတွေအပါအတင် သေဆုံးခဲ့သူ (၂၇)ယောက်အတွက် အမျှဝေ ၊ အမိန့်စာပြန်တာတွေကို ကျောင်းတည်ထောင်သူမိသားစုတွေနဲ့အိမ်ရှင်တွေပူးပေါင်းပြီး ဒီနေ့ ဧပြီ ၂ရက်မှာ ပြုလုပ်ပေးခဲ့ပါတယ်။
“ကိုယ့်ရဲ့ရင်နှစ်သည်းချာကလေးလေးတွေ ဆုံးရှုံးရတဲ့ မိဘများအတွက် ဘယ်လိုအားပေးနှစ်သိမ့် စကားများမှကို မပြောတတ်တော့အောင် အများကြီးစိတ်မကောင်းဖြစ်ရပါတယ်ရှင်။ ငလျင်ဘေးကျပြီးပြီးချင်းမှာ ကလေးလေးတွေဖြစ်နေသည့်အတွက် ကယ်ဆယ်ရေးကို အရင်ဦးဆုံး ဦးစားပေး ကြိုးစားကယ်တင်ပေးခဲ့လို့လည်း အချို့ကလေးငယ်လေးတွေ အသက်ဘေးမှ လွတ်မြောက်ခဲ့ရတာတွေလည်း အများကြီးမို့ ကယ်ဆယ်ရေးသမားများကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်ရှင်”လို့ အိ Bright Kids မူကြိုကျောင်းရဲ့ အိမ်ရှင်အမျိုးသမီးဖြစ်သူက လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်းရေးထားပါတယ်။
နှစ်ကြိမ်တိုင် ငလျင်ကြီးလှုပ်ခတ်မှုကို အဆိုးရွားဆုံးခံစားခဲ့ရတဲ့အထဲမှာ မန္တလေးတိုင်းထဲက ကျောက်ဆည်မြို့လည်းပါဝင်ပြီး မူကြိုကျောင်းက ကလေးငယ်တွေကို သယ်ထုတ်ချိန်မှာ အချို့ ရုပ်အလောင်းတွေဟာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေတောင် မပါရှိတော့ဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။
အဆောက်အအုံအောက် ၅ရက်ကြာပိတ်မိနေတဲ့သူတစ်ဦး ကို ကယ်တင်နိုင်ခဲ့
မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်အပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ်ရှိ ပြိုကျနေတဲ့ ဟိုတယ်ချမ်းသာ အဆောက်အအုံအောက် နာရီပေါင်း ၁၂၁ နာရီ (၅ ရက်) ကြာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို ဒီနေ့ ဧပြီ ၂ ရက်မှာ ထပ်မံကယ်ဆယ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။
ဟိုတယ်ချမ်းသာ ၆ ထပ်အဆောက်အအုံအောက်မှာ ပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကိုလည်း ဒီနေ့မနက်အစောပိုင်း သန်းခေါင်ယံ မနက် ၁၂ နာရီဝန်းကျင်မှာ ရှာဖွေကယ်ဆယ်နိုင်ခဲ့ပြီးနောက် နောက်ထပ်အမျိုးသားတစ်ဦးကို ထပ်မံကယ်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ငလျင်ဘေးဒဏ်ကြောင့် ပြိုကျအဆောက်အအုံကြား ရှာဖွေကယ်ဆယ်မှုတွေကို တူရကီနိုင်ငံ GEA Search and rescue ၊ ဗီယက်နမ်ကယ်ဆယ်အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။
コメント