top of page

ဧပြီ ၁ ရက် ငလျင်သတင်းများ စုစည်းမှု

  • BVJ
  • Apr 6
  • 3 min read

မန္တလေး ငလျင်လေးရက်အတွင်း လူ ၄၀၀ကျော် အသက်ရှင်လျက် ကယ်ထုတ်နိုင်


ငလျင်လှုပ်ပြီးချိန်ကနေ မနေ့က မတ်လ ၃၁ရက် ညသန်းခေါင်အချိန်အထိ မန္တလေးပြိုကျပျက်စီးအဆောက်အအုံတွေအောက်ကနေ လူဦးရေ (၄၀၃)ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

ဓါတ်ပုံ-MFS
ဓါတ်ပုံ-MFS

ဒ့ါအပြင် သေဆုံးသူ (၂၅၉)ဦးရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

အဆောက်အအုံအပျက်အစီးတွေအောက်ကနေမနေ့က မတ်လ ၃၁ရက်နေ့ တစ်ရက်ထဲမှာပဲ အမျိုးသမီး (၅)ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ အမျိုးသား (၁၆)ဦးနဲ့ အမျိုးသမီး (၁)ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ထုတ်ယူနိုင်ခဲ့ပါတယ်။


အဲ့ဒီရှာဖွေကယ်ဆယ်ရေးတွေကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်တွေ၊ တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်း ‌ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်း မြန်မာမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။


ဒီနေ့မနက်မှာလည်း နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ တိုက်အမှတ် ၃၃၆၉အောက်မှာ အသက်(၆၃)နှစ်ခန့် အမျိုးသမီးတစ်ဦးကို အသက်ရှင်လျက်ရှာဖွေတွေ့ရှိတာကြောင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် ရှာဖွေကယ်ဆယ်ရေး(အထူး)တပ်ဖွဲ့ဝင်တွေ၊ ရန်ကုန်ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။


 

ငလျင်ကြောင့် သေဆုံးသူ ၂၃၉၅ ဦးထိရှိလာဟု NUGကြေညာ


မတ်လ (၂၈)ရက်နေ့ ငလျင်စလှုပ်ထဲက ဒီနေ့အချိန်ထိ သေဆုံးသူ (၂၃၉၅)ဦးရှိပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ဒီနေ့ ဧပြီ ၁ရက်မှာ ထုတ်ပြန်ပါတယ်။


ဒီအရေအတွက်ဟာ NUGကအတည်ပြုနိုင်တဲ့သေဆုံးသူဦးရေဖြစ်ပြီး ငလျင်ကြောင့် တိုက်ရိုက်ထိခိုက်ခံစားကြရတဲ့ လူဦးရေက စုစုပေါင်း (၈,၅၆၂,၅၅၅) ဦးခန့်ရှိတယ်လို့ ဖော်ပြပါတယ်။

ငလျင်ဒဏ်သင့်ဒေသများတွင် လူသားစာနာမှုဆိုင်ရာ လုပ်ငန်းများကို NUG၊ PDFအမှတ်(၁၂၂၂) တပ်ရင်း TRI ဗျုဟာကဆောင်ရွက်ပေးနေပုံ
ငလျင်ဒဏ်သင့်ဒေသများတွင် လူသားစာနာမှုဆိုင်ရာ လုပ်ငန်းများကို NUG၊ PDFအမှတ်(၁၂၂၂) တပ်ရင်း TRI ဗျုဟာကဆောင်ရွက်ပေးနေပုံ

ငလျင်ဒဏ်သင့်ပြည်သူတွေကိုကူညီကယ်ဆယ်ရေးလုပ်ဆောင်နိုင်ဖို့အတွက် NUGအနေနဲ့ လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကို မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်နေ့အထိ နှစ်ပတ်ကြာရပ်ထားပါတယ်။


လက်ရှိမှာလည်း တော်လှန်ရေးထိန်းချုပ်နယ်မြေအတွင်းက ငလျင်ဒဏ်သင့်ဒေသတွေကို PDFတွေကကူညီကယ်ဆယ်ရေးတွေလုပ်ပေးဆောင်ပေးနေပါတယ်။


စစ်ကောင်စီဘက်က‌တော့ ငလျင်ကြောင့်သေဆုံးသူဦးရေ ၁၇၀၀ကျော်ပြီလို့ မနေ့က မတ်လ ၃၁ရက်နေ့မှာထုတ်ပြန်ထားပြီး အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ပျက်ဆီးဆုံးရှုံးမှုတွေနဲ့ အသက်ဆုံးရှုံးရသူတွေအတွက် ထပ်တူခံစားတဲ့အနေနဲ့ မတ်လ ၃၁ရက်ကနေ အခုလ ၆ရက်အထိကို နိုင်ငံတော်အဆင့်ဝမ်းနည်းခြင်းအထိမ်းအမှတ်နေ့ရက်အဖြစ် သတ်မှတ်ကာ နိုင်ငံတော်အလံကိုတဝက်လျော့ချ လွှင့်ထူဖို့ ကြေညာထားပါတယ်။


ဒါပေမယ့် တဖက်မှာလည်း ငလျင်ဒဏ်သင့်ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မကွေးအပါအဝင် ဒေသအချို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေလုပ်ဆောင်နေဆဲဖြစ်တာကြောင့် ပြည်သူတွေထိခိုက်သေဆုံးမှုရှိနေဆဲဖြစ်ပါတယ်။


 

ငလျင်ကြောင့် အိုးဘိုထောင်တွင်း လေးဦး အနည်းဆုံးသေဆုံး


မတ်လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ အိုးဘိုအကျဉ်းထောင်မှာ အဆောင်ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီး အမျိုးသမီး(၂)ဦးအပါအဝင် (၄)ဦး သေဆုံးမှု ရှိခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဧပြီလ ၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


အကျဉ်းထောင်အဆောက်အအုံတွေက အချိန်ကြာမြင့်ပြီးဟောင်းနေပြီး ငလျင်ဖြစ်ပေါ်ချိန်မှာ အမျိုးသားဆောင်ဘက်က အလုပ်ရုံပြိုကျခဲ့တာကြောင့် အမျိုးသား (၁) ဦးသေဆုံးပြီး နောက်ထပ် (၁) ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့သလို အမျိုးသမီးအဆောင်ဘက်က အဆောင် (၁) နဲ့ အဆောင်(၂) ပြိုကျခဲ့တာကြောင့် အမျိုးသမီး အနည်းဆုံး (၂) ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။


ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူ (၁၀ )ဦးခန့်ရှိတယ်လို့လည်း PPNMကပြောပါတယ်။


“သေဆုံးသူတွေက အမျိုးသား၊အမျိုးသမီးပဲ ပြောနိုင်ပြီးမှ အကျဉ်းဦးစီးဝန်ထမ်းလား အကျဉ်းသား အကျဉ်းသူလား ပြောနိုင်ဖို့ ခက်နေပါတယ်။ အမျိုးသား (၁) ဦး၊ အမျိုးသမီး (၂) ဦးပဲပြောနိုင်ပြီးတော့ ကျန် (၁) ဦးကတော့ ကျား/မ ခွဲနိုင်ဖို့ ကြိုးစားနေဆဲပဲဖြစ်ပါတယ်”လို့ PPNMက တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။


အင်အားပြင်းငလျင်ကြောင့် အကျဉ်းထောင်အတွင်း သေဆုံးသူ (၁၂) ဦးအထိရှိတယ်လို့ သိရှိထားပြီး (၈) ဦးကို ထပ်မံအတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့လည်း PPNMကဆိုပါတယ်။


သေဆုံးသူတွေဟာ အဆောက်အဦးပြိုကျတဲ့အချိန် ထိခိုက်ဒဏ်ရာကြောင့်နဲ့ အဆောက်အဦးပိတာတွေကြောင့်ဖြစ်ပြီး လက်ရှိအချိန်ထိလည်း သေဆုံးသူတွေအပြင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ထောင်တွင်းကတခြားအကျဉ်းသားတွေဟာ သူတို့မိသားစုတွေနဲ့ အဆက်အသွယ်လုပ်လို့မရသေးတဲ့ အခြေအနေရှိတယ်လို့လည်း သိရပါတယ်။


“ဖုန်းလိုင်း အင်တာနက်လိုင်း အခက်အခဲအပါအဝင် အခြားအခက်အခဲတွေကြောင့် ဆက်သွယ်မရတာ ဖြစ်တယ်။ နိုင်ကျဉ်းမိသားစုဝင်တွေအပါအဝင် အခြား အကျဉ်းသားအကျဉ်းသူမိသားစုတွေက စိုးရိမ်ပူပန်နေကြတာ ဖြစ်တယ်။ ဒါ့ကြောင့် အကစ(အကျဉ်းဦးစီး)ဘက်ကရော စကစဘက်ကရော သတင်းထုတ်ပြန်ဖို့လိုပါတယ်။ အခုချိန်ထိ ဘယ်သူတွေသေဆုံးပြီး ဘာ့ကြောင့်သေဆုံးတယ်ဆိုတာ ပြောနိုင်ဖို့ မသိရသေးပါဘူး”လို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။


ငလျင်ကြောင့် ထောင်တွင်းသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဘက်နဲ့စစ်ကောင်စီဘက်က အခုချိန်ထိ သတင်းအမှောင်ချထားဆဲဖြစ်သလို ထောင်ထဲက အဆောင်တွေကိုလည်း တစ်ဆောင်နဲ့တစ်ဆောင်အခြေအနေမသိရအောင် သတင်းအမှောင်ချထားတယ်လို့ သိရပါတယ်။


 

ပြိုကျအုတ်ပုံအောက်နစ်မြုပ်ပြီး ခေါင်းလေးပဲပေါ်နေတဲ့ကလေးငယ်ကို စက်ပစ္စည်းအကူမပါဘဲ အသက်ရှင်လျက် ကယ်ထုတ်လိုက်နိုင်


၂၈ရက်က အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ် ရွာတန်းတိုက်နယ် ရှေးဟောင်းတိုက်ကျောင်းပြိုကျပျက်စီးမှုအတွင်း တိုက်ပိပြီး နစ်မြုတ်နေတဲ့ထဲက ကလေးငယ် မပန်းအိချွန်ကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တဲ့အခြေအနေပါ။


အပျက်အစီး အုတ်ပုံတွေကြားထဲက နစ်မြုတ်နေတဲ့ကလေးငယ်ကိုကယ်တင်မှုမှာ စက်ပစ္စည်းအကူအညီတွေမပါဘဲ လက်နဲ့ယက်ပြီး ပတ်ဝန်းကျင်ကရှိသမျှလူအားနဲ့ ဝိုင်းဝန်းကယ်ထုတ်နေတာကိုလည်း ရုပ်သံဖိုင်ထဲမှာမြင်တွေ့ရပါတယ်။


တိုက်ပြိုကျမှုအတွင်းမှာ ယဉ်ကျေးလိမ္မာတက်ရောက်နေတဲ့ သင်တန်းသူ/သားကလေးငယ်(၁၃)ဦး အသက်ဆုံးရှုံးခဲ့ရပြီး (၂၀)ဦးကျော် အသက်ဘေးကလွတ်ခဲ့တယ်လို့ ရွာတန်းသဲကျွန်း သံလွှတ်ကျောင်းက အရှင်အာစိဏ္ဏက ဒီနေ့ ဧပြီ ၁ရက်မှာ လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။


 

ငလျင်ဒဏ်ဆိုးရွားစွာခံစားနေရတဲ့ မန္တလေးနဲ့အောင်ပန်းမှာ အဆို၊အတီးတွေနဲ့ ရှင်ပြုပွဲလှည့်လို့ ဝေဖန်ခံနေရ


အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့်အဆောက်အအုံတွေပြိုကျပြီး သေဆုံး၊ ထိခိုက်ဒဏ်ရာရသူအများအပြားရှိနေကာ လက်ရှိအချိန်ထိရှာဖွေကယ်ဆယ်‌ရေးတွေလုပ်နေရတဲ့ မန္တလေးနဲ့ ရှမ်းပြည်နယ်၊ အောင်ပန်းမြို့တို့မှာ ဒီနေ့ ဧပြီ ၁ ရက်မှာ ရှင်လောင်းလှည့်အလှူနဲ့ အတီးအမှုတ် အဆိုတွေ၊ မြင်းတွေနဲ့ ဘာသာရေးပျော်ပွဲရွှင်ပွဲ ပြုလုပ်နေကြတာကြောင့် လူမှုကွန်ရက်မှာ ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ တွေ့ရတဲ့ ရှင်လောင်းလှည့်ပွဲတစ်ခု (Photo: Zin Mar Myint's Facebook)
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာ တွေ့ရတဲ့ ရှင်လောင်းလှည့်ပွဲတစ်ခု (Photo: Zin Mar Myint's Facebook)

မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၄၈ လမ်း x ၁၀၆ လမ်းမအနီးမှာ ရှင်လောင်းလှည့်နေတဲ့ ကားတန်းတစ်ခုကို ခရီးသွားပြည်သူတစ်ဦးက ရိုက်ကူးထားပြီး လူမှုကွန်ရက် Facebook မှာ ပြန်လည်ဖော်ပြခဲ့တာကို ကြည့်ရှုသူများပြီး ငလျင်ဘေးဒဏ် ကြုံတွေ့နေရချိန် အခုလို ပျော်ပွဲရွှင်ပွဲလုပ်ဆောင်နေမှုဟာ မသင့်လျော်တဲ့ကိစ္စတစ်ခုဖြစ်ပြီး မလုပ်သင့်တဲ့အချိန်ဖြစ်ကြောင်း၊ သေဆုံးသူတွေနဲ့မိသားစုဆုံးရှုံးထားသူ၊ပျောက်ဆုံးနေသူတွေကို စာနာနားလည်သင့်ကြောင်း ဝေဖန်နေကြပါတယ်။


မန္တလေးတိုင်းအတွင်းမှာ ငလျင်ဘေးဒဏ်ကြောင့် မနေ့ မတ်လ ၃၁ ရက် နေ့လယ်ပိုင်းအထိ သေဆုံးသူ ၂၀၀၀နီးပါးအထိရှိလာပြီး ပြိုကျအဆောက်အအုံပျက်တွေကြားက ကယ်ထုတ်နိုင်သူ ၄၀၀ ဝန်းကျင်သာရှိပါသေးတယ်။


အလားတူပဲ ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့မှာလည်း ရှင်လောင်းလှည့် ဘာသာရေးပျော်ပွဲရွှင်ပွဲတစ်ခု လုပ်ဆောင်နေမှုကို ဒေသခံတစ်ဦးက ဓာတ်ပုံမှတ်တမ်းရယူပြီး လူမှုကွန်ရက်မှာဖော်ပြခဲ့ပါတယ်။ အဲ့ဒီ ဓာတ်ပုံမှတ်တမ်းအရ ရှင်လောင်းလှည့်လည်မှုဟာ ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျခဲ့တဲ့ အောင်ပန်းဟိုတယ်အနီးမှာဖြစ်ပြီး အလှူလှည့်နေချိန်မှာ ပြိုကျအဆောက်အအုံနား ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေလည်း ရှိနေပါတယ်။


“ဒီနေ့မနက်ပိုင်းမှာ အောင်ပန်းမှာ ရှင်လောင်းလှည့်တဲ့ကိစ္စ ပြောနေတာကို ကြားတယ်။ ကျွန်တော်တို့နဲ့ မြို့ပေါ်က နည်းနည်းလှမ်းတော့ သိရတာလောက်ပဲ ရှိတယ်။ ဒီမနက် Facebook မှာ ပုံတွေတက်လာတော့မှ ပိုသေချာသွားတာ။ အခုလို ငလျင်ဘေးဒဏ်ဖြစ်နေချိန် ဒီလိုမျိုးက မလုပ်သင့်ဘူးလို့ပဲ ပြောချင်ပါတယ်” လို့ အောင်ပန်းမြို့အနီးမှာ နေထိုင်တဲ့ ဒေသခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။


မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြုံတွေ့နေရတဲ့ဒေသတွေက ထိခိုက်သေဆုံးခဲ့ရသူ များပြားခဲ့တာကြောင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးက အခုနှစ် သင်္ကြန်ပွဲတော်ကို ကျင်းပမှာမဟုတ်ကြောင်း မနေ့ မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ခဲ့သလို ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားအဖွဲ့ (NDAA) ကလည်း ငလျင်ဘေးသင့်သူတွေကို စာနာထောက်ထားတာကြောင့် မူလစီစဉ်ထားတဲ့ သင်္ကြန်ပွဲတော်ကို ဖျက်သိမ်းလိုက်တယ်လို့လည်း ထုတ်ပြန်ထားပါသေးတယ်။


 

ငလျင်ဘေးဒဏ်ကြုံတွေ့နေရချိန် ကရင်နီနဲ့ ရှမ်းတောင်ဒေသတွေကို စစ်ကောင်စီနဲ့ PNO က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်


မတ်လ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ကရင်နီပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာလည်း အဆောက်အအုံအချို့ ပြိုကျပျက်စီးမှုတွေရှိခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိနေချိန် စစ်ကောင်စီနဲ့ လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNO/PNA) က လေကြောင်းတိုက်ခိုက်မှုတွေကို ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


အင်အားပြင်ငလျင်ကြောင့် မတ်လ ၃၁ ရက်နေ့အထိ ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသမှာ နေအိမ် ၂၀၀၀ ကျော် ပြိုကျပျက်စီးခဲ့သလို သေဆုံးသူ ၈၉ ဦးအထိရှိလာပြီလို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့ကလည်း ထုတ်ပြန်ထားပါတယ်။


အရပ်သားပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေ ငလျင်ဒဏ်ကြုံတွေ့နေရချိန် စစ်ကောင်စီလက်အောက်ခံ PNO/PNA အဖွဲ့ကလည်း ညောင်ရွှေမြို့နယ် ရေပူကျေးရွာအုပ်စု ဘုရားတောင်ကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့တာကြောင့် နေအိမ် ၃ လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဘုရားတောင်ကျေးရွာမှာ စစ်ဘေးရှောင် ၅၀၀၀ နီးပါး လာရောက်ခိုလှုံနေတာလည်းဖြစ်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကိုလည်း မကြာခဏ ကြုံတွေ့နေရပါတယ်။


ဒါ့အပြင် ကရင်နီပြည်နယ် ဘော်လခဲမြို့နယ် နန်းဖဲကျေးရွာအနီးကိုလည်း စစ်ကောင်စီက မတ်လ ၃၀ ရက် ညနေ ၄ နာရီဝန်းကျင်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ကားလမ်းလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။


“မတ်လ ၃၀ ရက်နေ့ ညနေပိုင်းတုန်းက ဘောလခဲမရောက်ခင် နမ့်ဖဲကျေးရွာအုပ်စုအတွင်းက ရွာတစ်ရွာကို စကစဘက်က ဗုံးကြဲတိုက်ခိုက်တာရှိတယ်။ နေအိမ်တစ်လုံးနဲ့ လမ်းတွေ ထိခိုက်ပျက်စီးသွားတယ်”လို့ ကရင်နီကြားကာလကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလုရယ်က Burma VJ ကို ပြောပါတယ်။


မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်မှုတွင်း ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ စေတီတစ်ဆူအပါအဝင် ဘာသာရေးအဆောက်အုံ ၈ လုံး ထိခိုက်ပျက်စီးခဲ့ပြီး လူနေအိမ် ၇ လုံးလည်း ပြိုကျပျက်စီးခဲ့တယ်လို့လည်း ခူးပလုရယ်က ဆက်ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် စစ်ကိုင်း၊ မန္တလေး၊ ပဲခူး၊ နေပြည်တော်နဲ့ ဒေသအချို့မှာ အရပ်သားပြည်သူ သေဆုံးမှု ၂၃၀၀ ကျော်ရှိနေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒီနေ့ ဧပြီ ၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။


ငလျင်ဘေးဒဏ်ကြုံနေရချိန်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေပြီး မတ်လ ၂၈ ရက်ကနေ ၃၁ ရက်နေ့အတွင်း ဒေသအနှံ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက် စုစုပေါင်းအကြိမ် ၂၀ ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။


ပုံစာ - ညောင်ရွှေမြို့နယ် ဘုရားတောင်ရွာကို PNO က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာအတွင်း နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့စဉ် (Photo: အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့)


 

ငလျင်ကယ်ဆယ်ရေးလုပ်နိုင်ဖို့ ထိုးစစ်တစ်လရပ်နားမယ်လို့ ညီနောင်သုံးဖွဲ့ ထုတ်ပြန်


■ ငလျင်ဘေးကြောင့် မြန်မာနိုင်ငံတွင်း စစ်ပွဲတွေ ချက်ချင်းရပ်ဖို့ ကုလအထူးကိုယ်စားလှယ်ပြော


ငလျင်ဘေးနဲ့ကြုံတွေ့ခဲ့ရတဲ့ ဒေသတွေမှာ ကယ်ဆယ်ရေးနဲ့ ကူညီရှာဖွေရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်စေဖို့အတွက် မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့က ဒီနေ့ ဧပြီ ၁ ရက်ကစပြီး ၃၀ ရက်နေ့အထိ တစ်လကြာ ထိုးစစ်ရပ်နားမယ်လို့ ထုတ်ပြန်လာပါတယ်။


မြောက်ပိုင်းမဟာမိတ်ညီနောင်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ်မတော် (MNDAA) ၊ တအာင်းတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့က ခုခံကာကွယ်မှုကလွဲပြီး သက်ဆိုင်ရာဒေသအသီးသီးမှာ ထိုးစစ်ဆင်တိုက်ခိုက်မှုကို တစ်လကြာ ရပ်နားထားမယ်လို့ ဆိုပါတယ်။


အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးမှုနဲ့ ပျက်စီးမှု များပြားခဲ့နေချိန် ပြည်တွင်းပြည်ပက ကူညီကယ်ဆယ်ရေး စေတနာ့ဝန်ထမ်းတွေ စိတ်လက်ကြည်သာစွာ လုပ်ကိုင်နိုင်ဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာလုပ်ငန်းတွေကို အမြန်ဆုံး ထိထိရောက်ရောက်လုပ်ကိုင်နိုင်ဖို့ အထူးလိုအပ်တယ်လို့ ဆိုပါတယ်။


ငလျင်ကယ်ဆယ်ရေးလုပ်ငန်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေ အလေးပေးလုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေကို ချက်ချင်းရပ်တန့်ဖို့ကိုလည်းမြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီယန်ဘီရှော့ကလည်း မတ်လ ၃၁ ရက်မှာ ထုတ်ပြန်ပြောကြားထားပါတယ်။


ငလျင်ဘေးကြုံနေရတဲ့ ပြည်သူတွေအပါအဝင် ရှာဖွေကယ်ဆယ်ရေးဝန်ထမ်းများအားလုံး ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ပိုမိုအာရုံစိုက်လုပ်ဆောင်နိုင်ဖို့အတွက် လက်ရှိ စစ်ရေးပဋိပက္ခမှာပါဝင်နေတဲ့သူ အဖွဲ့အစည်းအားလုံး အပစ်အခတ်ရပ်စဲရေးကို ချက်ချင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းကြောင်းကိုလည်း ဂျူလီယန်ဘီရှော့ ပြောကြားထားတာလည်း ဖြစ်ပါတယ်။


ငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုမိုလျင်လျင်မြန်မြန် ဆောင်ရွက်နိုင်ဖို့နဲ့ ဆေးဘက်ဆိုင်ရာအကူအညီတွေ လုပ်ဆောင်နိုင်ဖို့အတွက် ထိုးစစ်အားလုံးကို မတ်လ ၃၀ ရက်ကစပြီး ဧပြီ ၁၂ ရက်နေ့အထိ ရပ်တန့်ထားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ထုတ်ပြန်ထားပါသေးတယ်။


 

အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းမှုကို စစ်ကောင်စီ ပယ်ချပြီး ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြော


ငလျင်ဘေးဒဏ်ကြုံတွေ့နေချိန် လက်နက်ကိုင်အဖွဲ့တွေက နှစ်ဖက်အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ထားတာကို သိရှိထားပေမဲ့ စစ်တပ်အနေနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင် တိုက်ခိုက်သွားမယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ဧပြီ ၁ ရက်မှာ ပြောဆိုခဲ့ပါတယ်။

ဒီနေ့ ဧပြီ ၁ ရက်မှာ ပြုလုပ်တဲ့ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားမှာ စစ်ခေါင်းဆောင်က အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး တိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်သွားမှာဖြစ်တယ်လို့ တုံ့ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီနေ့ အလှူငွေပေးအပ်ပွဲအခမ်းအနားမှာ ငလျင်ဘေးဒဏ်ကြောင့် လက်နက်ကိုင်အဖွဲ့တွေက နှစ်ဖက်အပစ်အခတ်ရပ်စဲတယ်လို့ ထုတ်ပြန်ထားတာကို သိရှိကြောင်း ပြောဆိုခဲ့သလို မိမိတို့အနေနဲ့ ချမှတ်ထားတဲ့လမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။


လက်နက်ကိုင်တပ်ဖွဲ့တွေက တိုက်ပွဲဖော်ဆောင်ခြင်းမရှိပေမဲ့ တိုက်ခိုက်ဖို့ လုပ်ဆောင်ရန်အတွက် စုဖွဲ့ခြင်း၊ လေ့ကျင့်ပြင်ဆင်ခြင်းများ လုပ်ဆောင်နေကြတာကြောင့် အဲဒီလုပ်ဆောင်တာဟာ “တိုက်ခိုက်နေခြင်း”ပဲ ဖြစ်တဲ့အတွက် လိုအပ်တဲ့ ကာကွယ်ရေးဆိုင်ရာလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။


ငလျင်ဘေးဒဏ်နဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အမြန်ဆုံးဆောင်ရွက်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ မြောက်ပိုင်းမဟာမိတ်ညီနောင် ၃ ဖွဲ့အပါအဝင် စစ်ကောင်စီကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိမိကိုယ်ကို ခုခံကာကွယ်မှုကလွဲပြီး ထိုးစစ်ဆင်တွေကို ရပ်နားထားမယ်လို့ ထုတ်ပြန်ထားကြတာလည်း ဖြစ်ပါတယ်။


ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် ဂျူလီယန်ဘီရှော့ကလည်း လက်ရှိငလျင်ဘေးဒဏ်ကြုံတွေ့နေရချိန်အတွင်း ပြည်တွင်းပြည်ပ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ လူသားချင်းစာနာထောက်ထားမှုအဖွဲ့တွေ ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေမှာ အာရုံစိုက်လုပ်ဆောင်နိုင်ဖို့အတွက် သက်ဆိုင်ရာအစုအဖွဲ့အားလုံး ချက်ချင်းအပစ်အခတ်ရပ်နားကြဖို့ကိုလည်း တောင်းဆိုထားပါသေးတယ်။

 

 

Commentaires


bottom of page