အယုံအကြည်မရှိအဆို မဲခွဲမှုရှုံးနိမ့်ပြီး ပေထုန်တန် ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေ
- BVJ
- Apr 5
- 1 min read
BVJ/Moore _ မတ် ၂၆ ၊ ၂၀၂၅

ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်အား အယုံအကြည်မရှိအဆိုကို ဒီနေ့မနက်ပိုင်းက လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် ကန့်ကွက်မဲ ၁၆၂ မဲသာရရှိခဲ့ပြီး အဆိုတင်သွင်းမှုရှုံးနိမ့်ခဲ့တာကြောင့် ပေထုန်တန်အနေနဲ့ ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေမှာဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ကို အယုံအကြည်မရှိ မဲခွဲမှုကို လွှတ်တော်ကိုယ်စားလှယ် ၄၈၇ ဦး တက်ရောက်ခဲ့တာဖြစ်ပြီး ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲနဲ့ ကြားနေမဲ ၇ မဲနဲ့ အဆိုတင်သွင်းမှု ရှုံးနိမ့်ခဲ့တာပါ။ ကြားနေမဲ ၇ မဲထဲက ၄ မဲဟာ ဒီမိုကရက်တစ်ပါတီကဖြစ်တယ်လို့ ပါတီအထွေထွေအတွင်းရေးမှူး Dechi Khaothong က ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။
သူ့ကို အယုံအကြည်မရှိအဆိုတင်သွင်းမှုအတွင်း ပေထုန်တန်အနေနဲ့ အခက်အခဲကြီးကြီးမားမားမရှိခဲ့ဘဲ မဟာမိတ်ပါတီတွေနဲ့အတူ သက်သောင့်သက်သာ ကျော်လွှားနိုင်ခဲ့တယ်လို့လည်း ထိုင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။
လွှတ်တော်မှာ အဆိုတင်သွင်းမှုအတွင်း ပေထုန်တန်ရဲ့ဖခင်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ အစိုးရအပေါ် ဩဇာလွှမ်းမိုးမှု၊ ပေထုန်တန်ရဲ့ အခွန်တိမ်းရှောင်မှု စွပ်စွဲချက်တွေအပါအဝင် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်က ဝီဂါတွေကို နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့ပြီး တရုတ်အစိုးရဆီ လွှဲပြောင်းပေးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအကျိုးသက်ရောက်မှုတွေကိုပါ ထည့်သွင်းဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်ကိုထောက်ခံတဲ့ အတိုက်အခံပါတီ Palang Pracharath ပါတီခေါင်းဆောင် ပရာဝစ်ဝမ်စူဝမ်ကလည်း ထိုင်းဝန်ကြီးချုပ်အနေနဲ့ နိုင်ငံတော်လုံခြုံရေးကို ကောင်းမွန်စွာမထိန်းသိမ်းနိုင်ဘဲ အပျော်တမ်းအဆင့် ဝန်ကြီးချုပ်ပုံစံမျိုးနဲ့သာ လုပ်ဆောင်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။
ပေထုန်တန်အစိုးရအနေနဲ့ သက်ဆင်ရှင်နာဝပ်ရဲ့ လွှမ်းမိုးမှုကိုခံနေရတယ်လို့ အတိုက်အခံ ပြည်သူ့ပါတီ Natthapong Ruengpanyawut က စွပ်စွဲပြောကြားခဲ့မှုအပေါ် အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်သာဖြစ်ကြောင်းနဲ့ အတိုက်အခံပါတီတွေရဲ့ စွပ်စွဲချက်တွေဟာ မမှန်ကန်ဘူးလို့လည်း ပေထုန်တန်က တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Comments