အကျင့်ပျက်ခြစားမှုတွေကြားက စစ်ကောင်စီရဲ့ အဓမ္မစစ်သားသစ် စုဆောင်းမှု
- BVJ
- Apr 5
- 1 min read
အေတီ

စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့သူတိုင်း မဲနှိုက်ရမယ်လို့မန္တလေးမှာ တနေ့က စပီကာနဲ့ လိုက်အော် နေပါတယ်။ ပြီးတော့ မဲလာနှိုက်ဖို့ တိုက်တွန်းထားတဲ့စာတွေလဲ လိုက်ဝေနေတာတွေ့ရပါတယ်။ အလားတူ ကိစ္စမျိုး ဧရာဝတီတိုင်း ညောင်တုန်းမြို့က ရွာတွေမှာလဲ ကြုံနေရတယ်လို့ ဒေသခံရွာ သားတွေက Burma VJ ကိုအတည်ပြုပါတယ်။
၂၀၂၄ခုနှစ် ဖေဖော်ဝါရီ၁၀ရက်နေ့မှာ စတင်အသက်ဝင်ခဲ့တဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေသစ်ရဲ့ စစ်သားသစ်စုဆောင်းမှုဟာ အခုဆိုရင် အပတ်စဥ်(၁၂)အထိရောက်သွားပါပြီ။မတ်လ ၂၄ရက် မနက်ပိုင်းကစလို့ မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်အတွင်းက ရပ်ကွက်ရုံး၊ ဓမ္မာရုံနဲ့ သတ်မှတ် နေရာတွေမှာ စစ်ကောင်စီက မြို့ခံတွေကို လူစုခိုင်းပြီး အပတ်စဥ် ၁၂အတွက် မဲနှိုက်ခိုင်းနေပါတယ်။
သူတို့တပ်ထဲဝင်ချင်တဲ့ တပ်သားအသစ်တွေ အများကြီးရှိနေတယ်လို့ စစ်ကောင်စီဘက်က ပြောနေပေမယ့် စစ်သားသစ်စုဆောင်းတာ အပတ်စဥ်(၁၂) ရောက်လာပြီးတဲ့အချိန်ကျမှ မဲနှိုက်ခိုင်းတဲ့ကိစ္စကို ဘာကြောင့် အာရုံစိုက်လုပ်ဆောင်ခိုင်းနေရတာလဲ။
စစ်သားစုဆောင်းရေးအတွက် လက်တွေ့ အကောင်အထည်ဖော်ရာမှာ အကျင့်ပျက်ခြစားမှုတွေ၊ လက်သိပ်ထိုးမှုတွေ အများကြီးရှိနေပါတယ်။ ဒုတပ်ချုပ်စိုးဝင်း ကိုယ်တိုင်ကတောင် စစ်သားစု ဆောင်းရေးကိစ္စ လက်တွေ့လုပ်ဆောင်မှုမှာ အငြင်းပွားဖွယ်မှားယွင်းလုပ်ဆောင် မှုတွေရှိနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဝန်ခံထားပါတယ်။

စစ်သားစုဆောင်းရေးလုပ်ငန်းစဥ်မှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေတဲ့အကြောင်း မတ်လ၂၀ရက်နေ့ ကလောတပ်နယ် အရာရှိစစ်သည်မိသားစုတွေနဲ့ တွေ့ဆုံပွဲမှာ အာဏာသိမ်း စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကိုယ်တိုင် ဝန်ခံခဲ့တာပါ။
“အချို့သော ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များအနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်း များနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့အတွက် ပြည်သူ့ စစ်မှုထမ်း ဆင့်ခေါ်ရမှာ ဥပဒေနဲ့ မညီသော မလိုလားအပ်တဲ့ ငွေကြေးမသမာမှုများကြောင့် စုဆောင်းခံရတဲ့ စစ်မှုထမ်းအချို့မှာ အခက်အခဲ အကြပ်အတည်းဖြစ်ပေါ်လာကာ အဆိုပါ နိစ္စဓူဝပြသာနာကို ဖြေရှင်းနေရကြောင်း။ဒါကြောင့် မိမိတို့ တပ်မတော်သားများအနေနဲ့ ပြည်သူ့စစ်မှုထမ်းနဲ့ပတ်သက်ပြီး အဆင့်ဆင့်သော ဆင့်ခေါ် ရေးအဖွဲ့များရဲ့ မှားယွင်းသောလုပ်ဆောင်မှုများတွေ့ရှိပါက သက်ဆိုင်ရာကို အချိန်နဲ့ တပြေးညီ အသိပေးတင်ပြဆောင်ရွက်ပေးဖို့လိုကြောင်း” ဆိုပြီး ဒုစစ်ခေါင်းက ပြောပါတယ်။
စစ်ကောင်စီဘက်က တော်ရုံအမှားကို အခုလိုဝန်ခံလေ့မရှိပါ ဘူး။အောက်ခြေမှာ အတော်လေးပုပ်ပွ နံစော်၊ထိန်းမနိုင်သိမ်းမရဖြစ်လာလို့သာ ဒုချုပ်စိုးဝင်းကိုယ်တိုင် ထွက်ပြောရတာပါ။တကယ်လဲ မြေပြင်မှာ ပြည်သူ့စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး လက်တွေ့ ဖြစ်နေတာတွေက အများကြီးပါ။
မဲပေါက်တဲ့လူကို အခြားလူနဲ့ အစားထိုးတာ၊ စစ်သားတစ်ယောက်စျေးနှုန်းက ၈၅သိန်းလောက် စျေးပေါက်နေတာ။စစ်မှုထမ်းထဲမပါချင်ရင် တအိမ်ထောင်ဘယ်လောက်ပေးရမယ်ဆိုပြီး လစဥ်ကြေးပေးနေရတာ။အလုပ်ကပြန်လာတဲ့သူ လမ်းပေါ်မှာတွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတာ။ စိတ်မနှံ့တဲ့သူတွေကို အိမ်ပေါ်ထိတက်စွဲဖမ်း ခေါ်သွားတယ်ဆိုတဲ့ သတင်းတွေက မကြားချင် အဆုံးပါ။ ဒါတွေအားလုံးကို ပြည်သူကခါးစည်းခံနေရတာပါ။
စစ်မှုထမ်းအပတ်စဥ်၁နဲ့ ၂လောက်မှာ လူစခေါ်တဲ့အချိန်တုန်းက စစ်မှုထမ်းဖို့အသက်ပြည့်တဲ့ သူတွေကို မဲနှိုက်ခိုင်းပြီး မဲပေါက်တဲ့သူကိုပဲခေါ်ပါတယ်။ နောက်ပိုင်းကျတော့ မလိုက်ချင်တဲ့သူက အစားထိုးလိုက်ပေးမယ့်သူကို ပိုက်ဆံပေးပြီး ဌားရတာတွေ၊ မလိုက်ချင်တဲ့သူတွေ တအိမ်ထောင်ဘယ်လောက်ဆိုပြီး လစဥ်ကြေးပေးရတာတွေ ။တအိမ်ကို လစဥ်ကြေး သုံးသောင်းကောက်ပြီး အုပ်ကြီးတွေနဲ့ မြို့နယ်စစ်မှုထမ်း ခေါ်ယူရေးအဖွဲ့ ပေါင်းပြီး မျှယူကြပါ တယ်။

လူငယ်တွေ ကို တွေ့တဲ့နေရာဖမ်းပြီး စစ်သားစုဆောင်းရေးပို့တယ်။ ဧရာဝတီတိုင်း ညောင်တုန်း မြို့နယ်ဘက်က ကလေးတစ်ယောက်ဆိုရင် သူ့မိဘက လစဥ်ကြေးပေးနေတဲ့ကြားက လမ်းကနေဖမ်းခေါ်သွားတာခံရတယ်။ ဖမ်းခေါ်သွားပြီး နောက်နေ့ကျမှ စစ်မှုထမ်းဆင့်ခေါ်စာက အိမ်ရောက်လာတာပါ။ အဲ့ဒီကောင်လေးဆို ဘာမဲမှမနှိုက်လိုက်ရဘဲ စစ်သားစုဆောင်းရေးစခန်း တန်းပို့ခံရတာပါ။ အခုအချိန်ထိ သူဘယ်မှာ ရှိနေလဲဆိုတာကို သူ့ မိဘတွေ သေသေချာချာ မသိရပါဘူး။ အဲ့လိုမျိုးအဖြစ်အပျက်တွေ ကျွန်တော်တို့ လက်လှမ်းမမီတဲ့နေရာတွေမှာ အများကြီးဖြစ်ခဲ့တယ် ဖြစ်နေဆဲပါ။
အပေါ်ကလူတောင်းရင် အုပ်ကြီးတွေကလဲ မဖြစ်မနေရှာပေးရပါတယ်။ ဒီရွာကလူမရရင် ဟိုရွာကလူကို ပိုက်ဆံပေးဌားထည့်တာတွေမျိုးက နေရာတိုင်းမှာဖြစ်နေတာပါ။ ပြီးရင် စစ်သားစုဆောင်းရေးစခန်းကို ပါသွားတဲ့ကလေးတွေ ဘယ်သွားရမယ် ဘယ်ပို့မယ် ဘယ်လိုဆက်သွယ်ရမယ်ဆိုတာ မိသားစုတွေက မသိရပါဘူး။ ပါသွားတဲ့သူကိုယ်တိုင်လဲ သူဘယ်သွားရမယ် ဘယ်သင်တန်းကျောင်းသွားရမယ် ဆိုတာသိခွင့်မရှိပါဘူး။ သူတို့ထားတဲ့နေရာနေ သူတို့ကျွေးတာစား သူတို့ ခိုင်းတာလုပ်ရတဲ့ ဘဝမျိုးပါ။
မဲနှိုက်ပြီး ပေါက်တဲ့သူကိုပဲ ခေါ်ရမယ်ဆိုတဲ့ ထုတ်ထားတဲ့ စည်းကမ်းကို သူတို့ အောက်ခြေက လူတွေက မလိုက်နာတော့အတွက် အောက်ခြေမှာ ဗရမ်းဗတာတွေဖြစ်နေတာပါ။ အဲ့ဒါကြောင့် အပတ်စဥ်(၁၁)အတွက် စစ်သားသစ်ခေါ်ယူတဲ့အခါမှာ အရင်ကမရှိဘူးသေးတဲ့ မဲနှိုက်ရွေးချယ် ရေးအဖွဲ့ ဆိုတာပေါ်လာတာပါ။စစ်မှုထမ်းဖို့ အသက်ပြည့်တဲ့သူတိုင်း မဲနှိုက်ရမှာဖြစ်သလို၊ အရင်လို အုပ်ကြီးကို လစဥ်ကြေးပေးပြီး လူစားထိုးတာမျိုးတွေ လုပ်လို့မရဘူးလို့ ပြောနေကြပါတယ်။
ဒါပေမယ့် ထုံးစံအတိုင်း ဒုချုပ်စိုးဝင်းတို့လူမျိုးတွေက အပေါ်ကနေ ဘယ်လိုပဲအမိန့်တွေထုတ်ထုတ် အောက်ခြေမှာအကျင့်ပျက်ခြစားမှုတွေက ထုနဲ့ထည်နဲ့ရှိနေတဲ့အတွက် အကျင့်ပျက်ခြစားမှုတွေကတော့ ပုံစံအမျိုးမျိုးနဲ့ဆက်ရှိနေဦးမှာ သေချာပါတယ်။
Comments