ဝီဂါတွေ ကို တရုတ်နိုင်ငံပြန်ပို့ခဲ့တဲ့ ထိုင်းအစိုးရအဖွဲ့ဝင်တွေ အမေရိကန်အစိုးရက ဗီဇာပိတ်ပင်
- BVJ
- Mar 19
- 1 min read
BVJ/Moore _ မတ် ၁၅ ၊ ၂၀၂၅

ဝီဂါလူမျိုး ၄၀ ကို တရုတ်နိုင်ငံ ပြန်ပို့ခဲ့တဲ့လုပ်ရပ်ကြောင့် လက်ရှိထိုင်းအစိုးရအဖွဲ့ဝင်တွေနဲ့ အစိုးရအဖွဲ့ဝင်ဟောင်းတွေကို အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို့စ်ရူဘီယိုက မနေ့ မတ်လ ၁၄ ရက်မှာ ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ခိုလှုံခဲ့တဲ့ ဝီဂါလူမျိုးတွေကို ထိုင်းအစိုးရက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်းပိုင်းမှာ တရုတ်နိုင်ငံကို အတင်းအကြပ်ပြန်ပို့ခဲ့တာလည်း ဖြစ်ပါတယ်။ ဝီဂါတွေကို တရုတ်နိုင်ငံ ပြန်ပို့ခဲ့မှုအပေါ် နိုင်ငံတကာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချခဲ့ပါသေးတယ်။
တရုတ်နိုင်ငံတွင်းက လူနည်းစုဝီဂါလူမျိုးတွေကို တရုတ်အစိုးရက အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေချိန် သူတို့ကို အတင်းအကြပ်နေရပ်ပြန်ပို့တာမျိုး မလုပ်ဖို့ နိုင်ငံတကာက တောင်းဆိုခဲ့ပေမဲ့ ထိုင်းအစိုးရက လျစ်လျူရှုခဲ့တာလည်း ဖြစ်ပါတယ်။
အမေရိကန်က ပြည်ဝင်ခွင့်ဗီဇာပိတ်ပင်လိုက်တဲ့ ထိုင်းလက်ရှိအစိုးရအဖွဲ့နဲ့ အစိုးရအရာရှိဟောင်းစာရင်းမှာ ပါဝင်သူတွေကို အတိအကျမသိရပေမဲ့ အစိုးရအဖွဲ့ရဲ့ မိသားစုဝင်တွေနဲ့ ပါဝင်ပတ်သက်သူတွေကို ပစ်မှတ်ထားပိတ်ပင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ဝီဂါတွေနဲ့ တခြားလူမျိုးစုတွေကို နေရပ်ပြန်ပို့ဖို့ သက်ဆိုင်ရာအစိုးရတွေကို ဖိအားပေးလုပ်ဆောင်နေတဲ့ တရုတ်အစိုးရရဲ့ကျူးလွန်မှုတွေကို ရပ်တန့်နိုင်အောင် အမေရိကန်က လုပ်ဆောင်နေတယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝီဂါလူမျိုးစုတွေကို ပြန်ပို့ခဲ့တဲ့ ထိုင်းအစိုးရရဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကလည်း ကာကွယ်ပြောဆိုထားပြီး ထိုင်းနိုင်ငံတွင်းမှာ ခိုလှုံနေတဲ့ ဝီဂါလူမျိုးစုတွေကို ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိန်းသိမ်းထားခဲ့ပေမဲ့ အကျဉ်းသားတွေလို မဆက်ဆံခဲ့ကြောင်းနဲ့ တရုတ်အစိုးရရဲ့ အာမခံချက်နဲ့အတူ ပြန်ပို့ပေးခဲ့တာဖြစ်ကြောင်းကိုလည်း ပြောကြားထားပါသေးတယ်။
Comments