"လူ့အခွင်အရေး ချိုးဖောက်မှုပေါင်းစုံအောက်က နိုင်ငံရေးအကျဉ်းသားတွေရဲ့ဘဝ"
- BVJ
- Mar 19
- 2 min read
"ဒါ ထောင်၊ လူ့အခွင့်အရေးလာတောင်းမဆိုနဲ့ ဆိုတာက သူတို့လက်သုံးစကားပဲ။ အဲ့ဒါတွေပပျောက်ပြီး လူ့အခွင့်အရေးနဲ့အညီ သိက္ခာရှိရှိနေခွင့်ရစေချင်တယ်”
● မိုနာ၊ ဇော်

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အပြစ်မဲ့ပြည်သူတွေနဲ့ လူငယ်အများအပြားကို အတင်းအဓမ္မဖမ်းဆီး၊ ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုကာ အကျဉ်းထောင်တွေထဲ အကျဉ်းချခဲ့ပါတယ်။
အဲ့ဒီဖမ်းဆီးထောင်ချခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ၊ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူတွေ၊ အပြစ်မရှိတဲ့ပြည်သူလူထုတွေနဲ့ အမျိုးမျိုးသောလူတွေဟာ ပုံစံမျိုးစုံနဲ့ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေကြရတယ်။ အခြေခံရရှိသင့်တဲ့ အသက်ရှင်သန်ပိုင်ခွင့်၊ လူသားတိုင်း အခြေခံရပိုင်ခွင့်လိုမျိုး အခွင့်အရေးလေးတွေတောင် ကောင်းကောင်း မရခဲ့ကြပါဘူး။
အဲ့ဒီလူတွေထဲမှာ မစုမြတ်တစ်ယောက်လည်း ပါဝင်ခဲ့ပါတယ်။
အာဏာသိမ်းကာလအစဖြစ်တဲ့ ၂၀၂၁၊ မတ်လ ၁၃ ရက်မှာ မစုမြတ်တို့ လူငယ်တစုဟာ ပဲခူးတိုင်း၊ ပဲခူးမြို့ ပုဏ္ဏားစုရပ်ကွက်မှာ မနက်ရှစ်နာရီအချိန် ဆန္ဒပြဖို့အတွက် လူစုနေချိန်မှာပဲ ဆန္ဒမပြခင်အချိန် ၇ နာရီခွဲကျော်မှာ စစ်အုပ်စုဘက်က လူစုလာခွဲပြီး သေနတ်နဲ့ပစ်၊ လိုက်ရိုက်၊ ထွက်ပြေးကြသူတွေကို အိမ်တွေကြားထဲလိုက်ဖမ်း၊ လမ်းတွေပိတ်ဖမ်းနဲ့ လူအင်အား၊တပ်အင်အားနဲ့ အတင်းအကြမ်း ဖမ်းဆီးခဲ့ကြတာကြောင့် မစုမြတ်အပါအဝင် ၁၄ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။
အဲ့ဒီနောက် စစ်ကြောရေးရောက် ရိုက်နှက်နှိပ်စက်မှုတွေပြုလုပ်၊ မေးမြန်းပြီးချိန်မှာတော့ မစုမြတ်ကို ပုဒ်မ ၅၀၅(က)၊ ၁၄၈/၁၄၉ တို့နဲ့ တရားစွဲဆိုပြီး ခြောက်နှစ်အထိ မတရားထောင်ဒဏ်ချခဲ့ပါတယ်။
စတင်ဖမ်းဆီးခံရချိန်မှာ ၂၅နှစ်အရွယ် မစုမြတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ခုနှစ် ဒီဇင်ဘာမှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။
ထောင်ကျနေစဉ်အတွင်း မစုမြတ်က သူနေ့စဉ်ဖြတ်သန်းရတဲ့ ထောင်တွင်းအခြေအနေကို အခုလို ပြောပြပါတယ်။
ထောင်တွင်းနေ့စဉ်ဘဝ
ထောင်ထဲမှာ မနက် ငါးနာရီ ထရတယ်။ မျက်နှာသစ် ဘုရားရှိခိုးပြီးရင် ခြောက်နာရီခွဲ ခုနှစ်နာရီမှာတန်းဖွင့်တယ်။ မနက်စာကို တန်းစီယူရတယ်။ မနက်စာက ပဲခူးထောင်မှာတုန်းက ဆန်ပြုတ်တစ်ရက် ထမင်းကြော်တစ်ရက်ကျွေးခဲ့ပြီး ဒိုက်ဦးထောင်မှာတော့ တနင်္ဂနွေနေ့တစ်ရက်ပဲ ဆန်ပြုတ်ပါပြီး ကျန်တဲ့ရက်တိုင်းက ထမင်းကြော်ကျွေးတယ်။ ထမင်းကြော်ဆိုတာက ဆနွင်းနဲ့ပဲနယ်ထားတဲ့ နာမည်ခံ ထမင်းကြော်ပါ။
ရေချိုးတာကတော့ မနက် ခုနှစ်နာရီကနေ စပြီးချိုးလို့ရတယ်။ နေ့လယ် ဆယ်နာရီ ဆယ်ခွဲဆို ထမင်းဝေတယ်။ ၁၁နာရီမှာ တန်းပိတ်တယ်။ နေ့လယ် ၂နာရီမှာတန်းဖွင့်တယ် ညနေကို သုံးခွဲ လေးနာရီမှာတော့ ထမင်းဝေတယ်။ ငါးနာရီဆိုတန်းပိတ်တယ်။ ဒါက ကျမတို့ ထောင်ထဲမှာ နေ့စဉ်လုပ်ရတာတွေပါ။
ထောင်တွင်းကျွေးတဲ့ ထမင်းကိုတော့ အရမ်းမာတွေကျွေးတာကြောင့် ထောင်တွင်းနိုင်ငံရေး အကျဉ်းသားတွေဟာ အစာအိမ်နာ၊ အစာမကြေတာတွေ ခဏခဏဖြစ်ကြပါတယ်။
“အသားဟင်းက တပတ် လေးနပ်ကျွေးတယ်ဆိုပြီး ကြက်ဥကျွေးရင် နှစ်လုံး၊ အသားဆို ရေနဲ့ပြုတ်ထားတာ ရက်အများစုက မကျက်ဘူး။ အသားတုံးကိုဖြဲလိုက်ရင် အထဲမှာ သွေးတွေကအစ ဒီတိုင်းပဲ ငါးကျွေးရင် ဒိုက်နံ့တွေညှီဟောင်နေတာပဲ။ ကျန်တဲ့ရက်တွေက နေ့လယ် ပဲဟင်းဆို ပဲကိုရေနဲ့ပြုတ်ထားတာ ညနေဆို အချဉ်ဟင်းဆိုတာ နာမည်ခံပဲ အရွက်ပေါင်းစုံကို ရေနဲ့ ပြုတ်ထားတာပဲ မြက်ပင်တွေတောင်ပါလိုက်သေး”

ကျန်းမာရေးစောင့်ရှောက်မှု
ထောင်တွင်းမှာ အစားအသောက်အပြင် ကျန်းမာရေးအတွက် လုံလောက်တဲ့ဆေးဝါးကုသမှုတွေမရရှိလို့ နိုင်ငံရေး အကျဉ်းသားတွေဟာ လိုတာထပ်ပိုပြီး ကျန်းမာရေးဆိုးဝါးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
“ကျမနဲ့ ဒိုက်ဦးအကျဉ်းထောင်ထဲမှာ ဆုံခဲ့ရတဲ့ တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဆိုရင်လည်း တော်လှန်ရေးကာလအတွင်းမှာ ကျောင်းသားထုနဲ့လက်တွဲပြီး ရဲရဲရင့်ရင့် ပါဝင်ခဲ့တာကြောင့် ၂၀၂၁ ခုနှစ်မှာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပြီး စစ်ကြောရေးမှာ ဦးခေါင်းရိုက်နှက် အကြမ်းဖက် ညှင်းပန်းခံရမှုတွေ၊ အကျဉ်းထောင်အတွင်း ဖိနှိပ်မှုတွေကြောင့် နောက်ပိုင်းမှာ မကြာခဏ သတိလစ် တတ်တာ၊ မကြာခဏ တတ်သွားတာ၊ လေဖြန်းတာတွေ ဖြစ်ခဲ့ပါတယ်။
သတိလစ်တာ,တတ်တာတွေက အချိန်အကန့်အသက်နဲ့ ဖြစ်တာမဟုတ်ဘဲ ဖြစ်ချင်တဲ့ အချိန်ထဖြစ် တတ်ပြီး နာရီဝက်လောက်ကနေ ၄,၅,၁၀ ရက်ထိကြာချင်လည်းကြာတတ်ပါတယ်”လို့ မစုမြတ်ကပြောပါတယ်။
သူ့ကို ကျန်းမာရေးစစ်ဆေးမှုခံယူချိန်မှာတော့ ဦးခေါင်းတွင်း (ဦးဏှောက်) အကျိတ်တွေ့ရှိခဲ့ပြီး အဲ့ဒီလိုဖြစ်နေတဲ့အချိန် အကျဉ်းထောင်အတွင်းမှာ ဆေးဝါးကုသစောင့်ရှောက်မှု အပြည့်အဝ မရရှိခဲ့ပါဘူး။ ဒါကြောင့် အကျဉ်းထောင်ပြင်ပမှာ ဆေးကုသမှုခံယူဖို့လိုအပ်နေတဲ့အတွက် မိသားစုဝင်တွေက ဆေးကုသခွင့်အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့်လည်း မရရှိခဲ့ပါဘူး။
ကျန်းမာရေးအခြေအနေဆိုးဝါးလာတဲ့အချိန် ၂၀၂၃ ခုနှစ်မှာတော့ ဆေးကုသခွင့် အပြည့်အဝရရှိဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ သူ့ကိုဒိုက်ဦးထောင်ကနေ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီမှာလည်း ဆေးကုသခွင့် ကောင်းကောင်းမရရှိဘဲ နောက်ထပ်အမှုတစ်မှုနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ်လေးနှစ် ထပ်တိုးချခံလိုက်ရပါတယ်။
“၂၀၂၄ ဒီဇင်ဘာလထဲမှာ အကျဉ်းထောင်ထဲကနေ ကျမကလွတ်မြောက်ခဲ့ပေမဲ့ သူကတော့ အခုအချိန်ထိ ထောင်တွင်းမှာဆက်ရှိနေသေးပြီး ဆေးဝါးကုသခွင့် အပြည့်အဝမရရှိသေးဘဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲဖြစ်ပါတယ်”
ရန်သူသဖွယ် ဆက်ဆံ
အခုအချိန်မှာ မြန်မာနိုင်ငံတစ်ဝန်း အကျဉ်းထောင် ၄၁ ခုမှာ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူ ၂၀၀၀၀ ကျော်ရှိနေပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်တော်လှန်မှုတွေနဲ့ ထောင်တွင်းရောက်ရှိလာတဲ့ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေကို အကျဥ်းထောင်တွေထဲမှာ ထောင်အာဏာပိုင်တွေက ရန်သူလိုမျိုးသဘောထား ဆက်ဆံလေ့ရှိကြပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေကိုဆေးဝါးကုသမှုအလုံအလောက်မပေးတာမျိုးတွေစတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ အကျဉ်းထောင်တွေထဲမှာ ကျူးလွန်နေတာ ဖြစ်တယ်လို့ Women’s Organization Of Political Prisoners (WOPP)က မဇူးဇူးမေယွန်းက ပြောပါတယ်။

“လက်ရှိအာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေဟာ အရေပြားရောဂါနဲ့ တီဘီရောဂါ၊ နှလုံးရောဂါလိုမျိုး နာတာရှည်ရောဂါတွေက ပိုပြီးဆိုးလာတာရှိတယ်။ ထောင်တွေထဲမှာ ဆေးဝါးလုံလောက်မှုမရှိတာကြောင့် မိသားစုဝင်တွေက ဆေးဝါးပို့ရင်တောင် လက်မခံတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေက ရှိနေသေးပါတယ်”
ကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မစုမြတ်ကလည်း အကျဉ်းထောင်တွေဟာဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ရှေ့တန်းစစ်မြေပြင်မှာ တွေ့ရတဲ့ ရန်သူတွေသဖွယ် လူ့အခွင့်အရေးကို ပေါ်ပေါ်ထင်ထင်နဲ့ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ခံနေရကြောင်းနဲ့ တော်လှန်ရေးကာလ ကြာမြင့်လာတာနဲ့အမျှ အကျဉ်းထောင်အတွင်းသေဆုံးမှုနဲ့ အကျဉ်း ထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု အခြေအနေတွေက ပိုမိုဆိုးဝါးလာနေတယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားအရေးဆောင်ရွက်နေတဲ့ Political Prisoner’s Network-Myanmar -PPNM က တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကလည်း အကျဉ်းထောင်ထဲက အကျဥ်းသားတွေရဲ့ အသက်တွေဟာ ဘာအာမခံချက်မှမရှိဘဲ လွတ်လပ်စွာ နေထိုင်ခွင့်ပိတ်ပင်ခံထားရရုံတင်မက အသက်ရှင်သန်ပိုင်ခွင့် ကိုပါ ဆက်ပြီးဆုံးရှုံးနေရဦးမလို ဖြစ်နေတယ်လို့ ပြောပါတယ်။
အကျဉ်းထောင်ထဲမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုကို သိရှိရရုံတင်မဟုတ်ဘဲ နိုင်ငံရေး အကျဉ်းသား၊အကျဉ်းသူတွေကို ကာကွယ်နိုင်ဖို့အတွက် တော်လှန်ရေးအင်အားစုတွေအပါအဝင် လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေသူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း ပိုမိုအာရုံစိုက်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့လည်း ထောက်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီအလိုကျ လုပ်ဆောင်နေတဲ့ အကျဉ်းဦးစီးဝန်ထမ်းတွေကိုလည်း ထိရောက်တဲ့ တရားစီရင်ရေးဆောင်ရွက်နိုင်မယ်ဆိုပါကအကျဉ်းထောင်တွေအတွင်းလူ့အခွင့်အ ရေးချိုးဖောက်ခံနေရမှုတွေကို လျှော့ချနိုင်မယ်လို့မျှော်လင့်တယ်လို့လည်း ကိုသိုက်ထွန်းဦးက ပြောပါတယ်။
မျှော်လင့်ချက်
အကျဉ်းထောင်တွေထဲစစ်ကောင်စီလက်အောက်ခံမြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က လာစစ်ဆေးမယ့်အချိန်ဆိုရင်တော့ ထောင်တွင်းရှိနေတဲ့ အသက်မပြည့်သေးတဲ့ ကလေးတွေကို အရေးပေါ်နေရာရွှေ့ပြောင်းလေ့ရှိကာ အသက်မပြည့်ဘဲ ဖမ်းဆီးထားတဲ့သူတွေမရှိပါဘူးဆိုပြီး ထောင်အာဏာပိုင်တွေက လိမ်လည်ပြောဆိုလေ့ရှိတယ်လို့ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို မစုမြတ်ကပြောပြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ-NUGကတော့ အခုနှစ် ဇန်နဝါရီ ၃၁ရက်မှာ စစ်ကောင်စီကအသစ်ထပ်မံဖွဲ့စည်းလိုက်တဲ့ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ ဂုဏ်သိက္ခာရှိတဲ့ အဖွဲ့အစည်းမဟုတ်တဲ့အပြင် ပဲရစ်အခြေခံမူတွေနဲ့ မကိုက်ညီဘဲ စစ်ကောင်စီအလိုကျဆောင်ရွက်ခဲ့တဲ့ အဖွဲ့ဝင်ဟောင်းတွေနဲ့ ထပ်မံဖွဲ့စည်းထားတာကြောင့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ အဖွဲ့အစည်းမဟုတ်ကြောင်းနဲ့ လူအခွင့်အရေးချိုးဖောက်ခံနေရတဲ့ ပြည်သူတွေဘက်ကို ရပ်တည်ထုတ်ဖော်ပြောကြားတာမရှိဘဲ စစ်ကောင်စီရဲ့ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်တာတွေကို ရေငုံနှုတ်ဆိတ်နေခဲ့တာကြောင့် အသိမှတ်မပြုကြောင်းနဲ့ ဖျက်သိမ်းကြောင်းကို ဖေဖော်ဝါရီ ၁၃ရက်က ထုတ်ပြန်ကြေညာထားပါသေးတယ်။
နိုင်ငံရေးအကျဉ်းသူဟောင်း မစုမြတ်ကတော့ သူလွတ်လာပေမယ့် ထောင်တွင်းမှာ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုတွေ၊ အစားအသောက်နဲ့ကျန်းမာရေးလုံလောက်စွာ မရရှိမှုတွေကြောင့် ကျန်ခဲ့တဲ့ရဲဘော်ရဲဘက်တွေအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

“ပဲခူးထောင်မှာတုန်းကဆို ထောင်ဝန်ထမ်းတွေ ခဏခဏပြောတယ်။ ဒါ ထောင်၊ လူ့အခွင့်အရေးလာတောင်းမဆိုနဲ့ ဆိုတာက သူတို့လက်သုံးစကားပဲ။ အဲ့ဒါတွေပပျောက်ပြီး လူ့အခွင့်အရေးနဲ့အညီ သိက္ခာရှိရှိနေခွင့်ရစေချင်တယ်။ လက်ရှိအထိလဲ နည်းမျိုးစုံနဲ့ ဖောက်ဖျက်ခံနေရတုန်းပါပဲ။ ပညာသင်ကြားခွင့်၊ ဆေးကုသခွင့်၊ သတင်းအချက်အလက် ရယူပိုင်ခွင့် အားလုံးအားလုံးပဲ။ သူတို့ရဲထောင်ဆောင်ပုဒ် “ပြုပြင် ပြောင်းလဲ မြှင့်တင်” ဆိုတာ တကယ်တမ်းကျ အားလုံးတလွဲပဲ”
ပြီးခဲ့တဲ့လက သာယာဝတီထောင်ထဲက အခြေအနေတွေကို အိုင်စီအာစီ နိုင်ငံတကာကြက်ခြေနီအဖွဲ့ ဝင်ကြည့်ခွင့်ရတယ်လို့သိရပါတယ်။ ဒါပေမယ့် အခုအချိန်ထိ အဲ့ဒါနဲ့ပတ်သက်ပြီး အိုင်စီအာစီဘက်က ဘာသတင်းထုတ်ပြန်ချက်မှ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။ အိုင်စီအာစီအဖွဲ့ မြန်မာပြည်က ထောင်ထဲဝင်ခွင့်ရတာနဲ့ ပတ်သက်ပြီး “ဒီကောင်တွေဝင်လည်း အလကားပါ။ စစ်အုပ်စုအတွက်လော်ဘီလုပ်ပေးနေတာပဲ”လို့ နိုင်ငံရေးအကျဥ်းသားတွေကို အကူအညီပေးနေတဲ့ နိုင်ကျဥ်းဟောင်းတစ်ဦးက သူ့သဘောထားကို ပြောပါတယ်။
“Everybody has a right to health care – even in war. စစ်ပွဲထဲရောက်နေတဲ့ သူတွေတောင်ကျန်းမာရေးစောင့်ရှောက်ခွင့်ရရှိသင့်တယ်” ဆိုပြီး ICRC နိုင်ငံတကာကြက်ခြေနီအဖွဲ့ရဲ့ ဆောင်ပုဒ်ထဲမှာဖော်ပြထားပေမယ့် လက်တွေ့မှာတော့ မြန်မာပြည်ထောင်တွေထဲကနိုင်ငံ ရေးအကျဥ်းသားတွေရဲ့ဘဝဟာ ကူရာမဲ့သလိုဖြစ်နေပြီး၊ ဆေးကုသခွင့်အပြည့်အဝမရရှိသေးပဲ လျစ်လျှူရှု ခံနေရဆဲဖြစ်ပါတယ်။
(ယခုဆောင်းပါးကို ဒီနေ့ မတ်လ၁၃ရက်နေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလူ့အခွင့်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဖော်ပြလိုက်ရပါတယ်)
Comments