top of page

လာအိုရောက် မြန်မာလုပ်သားများရဲ့ လောကဓံ

  • BVJ
  • Feb 27
  • 2 min read

■ နေအောင်


ဗီယန်ကျင်းမြို့ရှိ မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားပိုင် Trimax အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများ
ဗီယန်ကျင်းမြို့ရှိ မြန်မာနိုင်ငံသားများ အလုပ်လုပ်ကိုင်နေသော တရုတ်နိုင်ငံသားပိုင် Trimax အထည်ချုပ်စက်ရုံမှ ဝန်ထမ်းများ

ပြီးခဲ့တဲ့ သီတင်းပတ်က ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်ကို ထိုင်းဘက်က လျှပ်စစ်မီးရောင်းချမှု ဖြတ်တောက်လိုက်တာကြောင့် တာချီလိတ်မြို့မိမြို့ဖတွေဦးဆောင်ပြီး လာအိုနိုင်ငံကနေ လျှပ်စစ်မီးဝယ်ယူသုံးစွဲတဲ့သတင်း တွေတက်လာခဲ့ပါတယ်။ အဲဒီသတင်းနဲ့ပတ်သတ်ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရယ်မောနောက်ပြောင်တာ တချို့ရှိခဲ့ပါသေးတယ်။ မြန်မာဟာ လာအိုကနေပြီးလျှပ်စစ်ပြန်ဝယ်နေရတဲ့ အခြေအနေဖြစ်နေပြီလားဆိုတဲ့ မေးခွန်းကို အမြင်အမျိုးမျိုးနဲ့ ဝေဖန်ခဲ့ကြပါတယ်။ ဒါဟာ လျှပ်စစ်မီးအခြေအနေကိုပဲ ဆွေးနွေးတာဖြစ်ပြီး တော်တော်များများ မသိသေးတာကတော့ လာအိုမှာ သွားရောက်အလုပ်လုပ်နေတဲ့ မြန်မာနိုင်ငံသား ထောင်နဲ့ချီရှိနေပြီ ဆိုတာကိုပါ။


ဟုတ်ပါတယ်၊ အဲ့ဒါ အမှန်ပါပဲ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာ မြန်မာ့စီးပွားရေးဟာ အဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှု ၊ နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့အရေးယူမှု၊ အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးနဲ့ အခြားသွင်းအားစုတွေရရှိနိုင်မှု အခက်အခဲတွေကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှု အသစ်တွေ ထပ်မလာတဲ့အပြင် ရှိနေပြီးသား ပြည်ပရင်းနှီးမြှုပ်နှံမှုတွေပါ ပြန်ထွက်သွားတဲ့ ဖြစ်စဉ် ဖြစ်ရပ်များစွာရှိခဲ့ပါတယ်။ စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အမေရိကန်ဒေါ်လာ သန်း ၃,၆၀၀ ကျော်ရှိခဲ့တဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလမှာ သန်း ၁,၇၀၀ ကျော်ကို ကျဆင်းခဲ့ပါတယ်။ ဒေါ်လာတန်ဖိုးမြင့်တက်မှု မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုတွေရဲ့ အကျိုးဆက် ကြောင့် အခြေခံကုန်စည်တွေရဲ့ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပြီး အခြေခံလူတန်းစားတွေရဲ့လူမှုဘဝတွေ များစွာထိခိုက်ခဲ့ပါတယ်။


ပြည်ပရင်းနှီးမြှုပ်နှံမှုတွေထဲက အခြေခံလူတန်းစားတွေနဲ့ တိုက်ရိုက်ထိတွေ့တဲ့ အထည်ချုပ်လုပ်ငန်းတွေရပ်ဆိုင်းတာ၊ ထွက်ခွာတာတွေကြောင့် အလုပ်လက်မဲ့ဦးရေတိုးလာခဲ့ရပါတယ်။ မြန်မာနိုင်ငံက ထွက်ခွာတဲ့အထည်ချုပ်လုပ်ငန်းတွေဟာ တရုတ်နိုင်ငံသားတွေပိုင်တာဖြစ်ပြီး လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေးအတွက် စက်ရုံနေရာကိုရွေးချယ်တဲ့အခါ လာအိုနိုင်ငံကို မျက်စိကျခဲ့ကြတာပါ။ နဂိုလည်ပတ်နေတဲ့ လာအိုနိုင်ငံက အထည်ချုပ်စက်ရုံတွေကို တိုးချဲ့ပြီး လုပ်အားသွင်းအားစုအဖြစ် မြန်မာနိုင်ငံက အထည်ချုပ်ကျွမ်းကျင်သူတွေကို MOU ထိုးပြီး ခေါ်ခဲ့ပါတယ်။ အကြောင်းကတော့ လာအိုနိုင်ငံရဲ့ လူဦးရေအရ လုပ်သားအင်အားရှားပါးမှု ကျွမ်းကျင်လုပ်သားမရှိမှုတွေကြောင့် မြန်မာနိုင်ငံသားတွေကိုခေါ်ယူပြီး အလုပ်ခန့်ခဲ့တာလည်း ဖြစ်ပါတယ်။ အခုဆိုရင် လာအိုနိုင်ငံမှာရှိတဲ့ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွေမှာ မြန်မာနိုင်ငံသား ဝန်ထမ်းတွေ အများအပြား ရောက်ရှိနေကြပြီဖြစ်ပါတယ်။ လာအိုနိုင်ငံက အထည်ချုပ်စက်ရုံတွေကို ရောက်လာကြတဲ့ မြန်မာနိုင်ငံသား တွေဟာ နောက်ခံအကြောင်းအရာ မျိုးစုံရှိကြပါတယ်။


ထိုင်းနိုင်ငံ (နောင်ကိုင်မြို့) - လာအို (မြို့တော် ဗီယန်ကျင်း) နှစ်နိုင်ငံ နယ်စပ် လူဝင်မှုကြီးကြပ်ရေးရုံး အနီး
ထိုင်းနိုင်ငံ (နောင်ကိုင်မြို့) - လာအို (မြို့တော် ဗီယန်ကျင်း) နှစ်နိုင်ငံ နယ်စပ် လူဝင်မှုကြီးကြပ်ရေးရုံး အနီး

အဲ့ဒါအပြင် စက်ချုပ်လုပ်ငန်းကို အတတ်ပညာ၊ အတွေ့အကြုံပေါ် အခြေခံပြီးရောက်လာကြတာရှိသလို၊ ဘွဲ့တခုရပြီး ပညာရပ်ဆိုင်ရာတခုခုနဲ့ အသက်မွေးဝမ်းကြောင်းပြုခဲ့ပြီးမှ စက်ချုပ်ပညာကိုသင်ယူပြီး လာအိုနိုင်ငံကို ရောက်လာတဲ့သူတွေလည်းရှိပါတယ်။ အာဏာသိမ်းဖြစ်စဉ်ကို ကြုံတွေ့ရပြီးတဲ့နောက်ပိုင်းမှာ မိမိနဲ့ မိသားစုရဲ့အနာဂတ်ကို တွေးတောစဉ်းစားလာကြတဲ့သူတွေ ရှိသလို၊ အလုပ်အကိုင်တခုခု ရလိုမှု၊ မိသားစုစားဝတ် နေရေးကို လတ်တလော ဖြေရှင်းနိုင်ဖို့စတဲ့ အကြောင်းအရာတွေကို အခြေခံစဉ်းစားတာတွေလည်း ရှိပါတယ်။


အဲ့ဒီလို လူအမျိုးမျိုးထဲမှာ မနိုင်(အမည်လွှဲ) တယောက်လည်း အပါအဝင်ဖြစ်ပါတယ်။ သင်္ချာအထူးပြုနဲ့ ဘွဲ့ရထားတဲ့ မနိုင်ကိုယ်တိုင်ကလည်း အခြေအနေအရ လာအိုနိုင်ငံကို ရောက်လာခဲ့ပေမယ့်လည်း သူ ဆက်ရမယ့်အိပ်မက်က ရှိနေပါသေးတယ်။


မနိုင်နဲ့ စကားပြောဖြစ်ခဲ့တဲ့အခါမှာတော့ “တယောက်နဲ့ တယောက်က အကြောင်းအရာခြင်းတော့ မတူကြဘူးပေါ့ ဆရာရယ်။ သမီးကကျတော့ ဒီ(လာအို)ကို လာဖို့ အစီအစဉ်မဟုတ်ဘူး။ ဒူဘိုင်းဘက်ကို သွားမလို့ ၊ ဆော်ဒီဘက်ကိုသွားမလို့ပေါ့နော်။ Passportက PJ ဖြစ်ထားတာနဲ့ PV ပြောင်းဖို့လုပ်တာ။ အဲ့ဒီ passport အကိုကြီးကနေပြီးတော့ သူ့မိန်းမလည်း ဂျော်ဒန်တို့ ထိုင်းတို့ ဒီဘက်တို့ကို ပို့တယ်ပေါ့။ အချိတ်အဆက်ရှိတယ်ပေါ့။ ဒါပေမယ့် ခုကျတော့ hot ဖြစ်နေတာ လာအိုဖြစ်တယ်ပေါ့။ လာအိုမှာ စက်ချုပ်လို့ရှိရင် ဒီလိုပုံစံ ဒီလိုအနေအထားရှိတယ်ဆိုတော့ သူတို့ကပုံလေးတွေဘာတွေနဲ့ ပြတာပေါ့နော်။ နေရေးအတွက်က အနေအထိုင်၊ ရေချိုးခန်းဘာညာ အဲ့လိုနေထိုင်မှုပုံစံပြတော့ ကိုယ်က အဲ့တာနဲ့စိတ်ဝင်စားသွားတာ” လို့ သူကဆိုပါတယ်။


ကုန်ကျစားရိတ်လည်း မရှိဘဲ တလ ဒေါ်လာငွေ ၂၅၀ ဖြစ်တာကြောင့် စိတ်ဝင်စားခဲ့တာလို့လည်း သူက ပြောပါတယ်။ သူတို့ကို ပြောတဲ့ အကျိုးဆောင်(ပွဲစား)တွေက လာအိုကိုသွားဖို့ ကုန်ကျစားရိတ်မရှိဘူးဆိုသော်လည်း လေယာဉ်လက်မှတ်ခအပြီးနဲ့ ပွဲစားခ ၁၅သိန်းကျပ်ကို ပေးခဲ့ရပါတယ်။ အမှန်တကယ်ကုန်ကျစားရိတ်က အလုပ်သမားဝန်ကြီးဌာနကို ပေးသွင်းရတဲ့ ငွေ ၅ သိန်းဆိုသော်လည်း ပွဲစားခ၊ လေယာဉ်လက်မှတ်ခပါ ၁၀ သိန်း ထပ်ပေါင်းပေးခဲ့ရတဲ့ သူတွေများစွာရှိပါတယ်။ လစာငွေ တလ ဒေါ်လာ ၂၅၀ကို လာအိုမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေနဲ့ သဘောတူညီမှုရပြီးခဲ့တဲ့နောက်မှာ မနိုင်တို့ အဖွဲ့တွေဟာ အလုပ်လုပ်ဖို့ လက်မှတ်ထိုးခဲ့ကြပါတယ်။ အဲ့လို လက်မှတ်ထိုးရာမှာ မိဘအုပ်ထိန်းသူတွေလည်း ပါ ပါတယ်။ စာချုပ်ကို ရှေ့နေနဲ့ ချုပ်ခဲ့တာဖြစ်ပြီး အဆိုပါရှေ့နေကလည်း အလုပ်ခေါ်ယူတဲ့ အဖွဲ့ဘက်ကရှေ့နေဖြစ်ပါတယ်။စာချုပ်ပါ အချက်အလက်တွေအရ (Zero cost) ကုန်ကျစားရိတ်မရှိဘဲ အလုပ်သမား ရှာဖွေရေးအဖွဲ့ကပဲ အလုံးစုံတာဝန်ယူပြီး ပို့ပေးတာလို့ ပါဝင်ပါတယ်။ အလုပ်သမားတွေ ပေးခဲ့ရတဲ့ ကျပ်ငွေ ၁၅ သိန်းကို ထည့်သွင်းဖော်ပြခဲ့တာမျိုးမရှိဘူးလို့ ဆိုပါတယ်။


လာအိုနိုင်ငံ၏ ခရီးသွားမြို့တခုဖြစ်သော ဗန်ဗီယင်းမြို့တွင်း တနေရာ
လာအိုနိုင်ငံ၏ ခရီးသွားမြို့တခုဖြစ်သော ဗန်ဗီယင်းမြို့တွင်း တနေရာ

လုပ်ငန်းခွင်အတွင်းမှာဖြစ်လာတဲ့ အခြေအနေတွေကို တင်ပြလို့ရကြောင်း၊ မိမိတို့ရပိုင်ခွင့်ကို တောင်းဆိုနိုင်ကြောင်း မြောက်ဒဂုံမှာပြုလုပ်တဲ့ အလုပ်နဲ့ပတ်သတ်တဲ့ အစည်းအဝေးမှာ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောဆိုခဲ့ကြပေမယ့်လည်း မြန်မာဝန်ထမ်းတွေအပေါ် ဖိအားပေးခိုင်းစေနေတာတွေနဲ့ ပတ်သတ်ပြီး ဘယ်ကိုတိုင်ကြားရမလဲဆိုတာ မသိတဲ့သူတွေများနေ ပါတယ်။ ဖိအားပေးခိုင်းစေမှုတွေဆိုတာ သတ်မှတ်ထားတဲ့ အလုပ်ချိန်ကို လုံးဝအထိမခံဘဲ မလိုအပ်တဲ့ အစည်းအဝေးတွေကို အားလပ်ချိန်တွေမှာ လုပ်တာမျိုး၊ နားနေချိန်မှာ တံမြက်စည်းလှည်းခိုင်းတာမျိုးအပြင် အထည်ထွက်နှုန်းတွေတိုးဖို့ ဖိအားပေးတာတွေ၊ အလုပ်ရှင်လိုချင်တဲ့ အရေအတွက်မရရင် လစာလျော့ချဖို့ ခြိမ်းခြောက်တာတွေလည်း ကြုံနေရပါတယ်။ ပိုဆိုးတာ ကတော့ လာအိုနိုင်ငံသားတွေနဲ့ မြန်မာနိုင်ငံသားတွေအကြားမှာ ခွဲခြားဆက်ဆံခံရတာတွေပါ။ လာအိုနိုင်ငံသား အလုပ်သမား တွေနဲ့ ပတ်သတ်ပြီး ဖိအားပေးပြီး အတင်းအကြပ်ခိုင်းစေတာမျိုးတွေမရှိဘဲ မြန်မာနိုင်ငံသားတွေကိုသာ လုပ်နေတာလို့ ဆိုပါ တယ်။


“ညီမတို့ မြန်မာတွေက လာအိုတွေထက် အလုပ်ပိုလုပ်နိုင်တယ်။ ခိုင်းတဲ့အခါကျ ညီမတို့ကို ပိုခိုင်းတယ်။ စတိုင်လွယ်တာတွေဆို သူတို့ကိုပဲပေးတယ်။ ကိုယ်တွေကို မပေးဘူး။ Over Time (OT) တနင်္လာနေ့ကနေ ကြာသပတေးနေ့ထိရှိတယ်ဆိုပေမယ့် သူတို့လူတွေလုပ်လို့ အဆင်မပြေမှ ညီမတို့ဆီကလူတွေကို ရွေးပြီးခေါ်တယ်။ လူတိုင်းကို မခေါ်ဘူး”


လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှ  Patuxay - Victory Monument
လာအိုနိုင်ငံ ဗီယန်ကျင်းမြို့မှ Patuxay - Victory Monument

အလုပ်အတွင်း ခွဲခြားဆက်ဆံမှု ၊ အတင်းအကြပ်ခိုင်းစေမှုတွေအပြင် လစာငွေတွေကို မြန်မာနိုင်ငံမှာရှိတဲ့ မိသားစုကို ပြန်လည် ပို့ပေးနိုင်ရေးအတွက် အဆင်ပြေအောင် သက်သာအောင် စီစဉ်ပေးတာမျိုးလည်းမရှိပါဘူး။ လာအိုငွေကြေး kip (ကစ်) ငွေ ၅၀၀,၀၀၀ ကို မြန်မာကျပ်ငွေ ၁၀၀,၀၀၀ ရှိတယ်ဆိုသော်လည်း တချို့စက်ရုံတွေမှာ အဲ့ဒီထက်ပိုနည်းတဲ့ ပမာဏသာရရှိတယ်လို့ ဆိုပါတယ်။ လာအို Kip-ကစ်ငွေ တစ်လ သိန်း ၅၀ ကို မြန်မာငွေ ၁၀ သိန်းကျပ် ပေါက်ဈေးရှိပေမယ့် တချို့က ၉၅၀,၀၀၀ ကျပ်သာ ပေးချေတာမျိုးတွေနဲ့ ကြုံနေရတာမို့ အလုပ်လုပ်နေကြသူတွေဟာ အဖက်ဖက်က နစ်နာမှုတွေရှိနေပါတယ်။ အဲဒီ အပြင် အလုပ်သက်တမ်း ခြောက်လမပြည့်ခင် အလုပ်ထွက်ပါက မြန်မာကျပ်ငွေ သိန်း ၂၀ လျော်ကြေးပေးချေရမယ်ဆိုတဲ့ အချက်အလက်ကလည်း ရှိနေတာမို့ အဆင်မပြေလို့ အလုပ်ထွက်ရင်တောင် ဝန်ထုပ်ဝန်ပိုးဖြစ်ပြီး တပူပေါ် တပူဆင့်နေတဲ့ မြန်မာနိုင်ငံသား အထည်ချုပ်ဝန်ထမ်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေကနေ ဥပဒေနဲ့အညီ ကူညီပေးဖို့ မနိုင် က ပြောပါတယ်။ အလုပ်သက်တမ်း ၆လမပြည့်ခင် မပြေလည်မှုတွေကြောင့် ထွက်ခွင့်ရဖို့ကြိုးစားနေကြသူတွေကို နိုင်ငံကူးလက်မှတ်စာအုပ် ပြန်မပေးပါဘူး။ ဒါကြောင့် ဝန်ထမ်းတချို့ဟာ စက်ရုံအာဏာပိုင်တွေ မသိအောင် ပြန်သွားကြတာတွေရှိပါတယ်။ အဲ့လိုထွက်သွားသူတွေနဲ့ စက်ရုံမှာ ရှိနေတဲ့သူတွေကြားမှာ အဆက်အသွယ် တစုံတရာလည်း မရှိတာကြောင့် စိတ်ပူနေတာကလွဲရင် ဘာမှမတတ်နိုင်ဘူးလို့ ပြောပါတယ်။ တချို့တွေနဲ့ အဆက်အသွယ်ရှိပေမယ့် ဘယ်မှာလုပ်နေလဲဆိုတာကို စက်ရုံဘက်ကမေးလာရင် တရားစွဲမှာ လျော်ကြေးတောင်းမှာစိုးတာကြောင့် ဘယ်မှာရောက်နေတယ်ဆိုတာ ပြောမပြကြပါဘူး။ ပြဿနာ တစုံတရာရှိလာတဲ့အခါ တရားဝင်ဖြစ်တဲ့ နိုင်ငံကူးလက်မှတ် စာအုပ်မရှိရင် ဘယ်လိုဖြေရှင်းရမလဲဆိုတာမသိတဲ့ အခြေအနေတွေကြောင့် စိုးရိမ်ပူပန်မှုတွေလည်း များစွာရှိနေကြပါတယ်။


လတ်တလောမှာ စစ်မှုထမ်း အသက်ပြည့်မီတဲ့အရွယ် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား လူငယ်တွေကို စစ်ကောင်စီက ပြည်ပထွက်ခွင့် တားမြစ်ထားပါတယ်။ တကယ်လို့ ထွက်ခွင့်ရခဲ့ရင်လည်း လာအိုနိုင်ငံကိုလာတဲ့အခါ သေချာစုံစမ်းပြီးမှသာ လာရောက်သင့်တယ်လို့ မနိုင် အပါအဝင် လာအိုနိုင်ငံကိုရောက်နေပြီး အခြေအတွေကိုကိုယ်တိုင်ကြုံတွေ့ခံစားနေရတဲ့ သူတွေက သတိပေးပြောကြပါတယ်။

Comments


bottom of page