top of page

“လွယ်သလား ခက်သလား အမေရိကား”

  • BVJ
  • Feb 5
  • 2 min read

■ ခင်ငြိမ်းသစ်



ကမ္ဘာပေါ်မှာရှိတဲ့ တိုင်းပြည်အတော်များများက လူတွေက အမေရိကားမှာ နေထိုင်ခွင့်ရမယ်ဆိုရင် အများအားဖြင့် ဝမ်းသာကြမှာပါ။ ဘာကြောင့်လဲဆိုတော့ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာကြွယ်ဝတဲ့ နိုင်ငံကို ရောက်သွားရင် ကိုယ်လည်း ချမ်းသာကြွယ်ဝလာမယ်လို့ အများစုက ယူဆကြတာကြောင့်ဖြစ်ပါတယ်။


ဒါကြောင့်လည်း အမေရိကားကို ဘယ်လိုနည်းနဲ့ ရောက်ရောက် ရောက်လာဖို့ ကြိုးစားကြပါတယ်။ ကျွန်မတို့မိသားစု အမေရိကားကို လာဖြစ်ရတဲ့ အဓိကအကြောင်းရင်းက သားနဲ့ သမီးရဲ့ အနာဂတ်ကောင်းဖို့ အတွက်ပါ။ ဒုတိယနိုင်ငံ ဖြစ်တဲ့ ကျွန်မတို့နေခဲ့တဲ့ ထိုင်းနိုင်ငံမှာ သားနဲ့ သမီးအတွက် ပညာသင်ကြားခွင့်မရခဲ့သလို၊ အသက်မွေးဝမ်းကြောင်းအလုပ်လုပ်ကိုင်ခွင့်လည်းမရကြပါဘူး။ ဒါကြောင့် ကျွန်မသားနဲ့ သမီးအတွက် အမေရိကားကို ဒုက္ခသည်အဖြစ် ရွှေ့ပြောင်းနေထိုင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ရတာပါ။


ကျွန်မတို့မိသာစု အမေရိကားကို လွယ်လွယ်ကူကူနဲ့ ရောက်လာကြတာတော့မဟုတ်ပါဘူး။ ထိုင်းနိုင်ငံမှာ IOM က ထားတဲ့ Safe House မှာ ၃ နှစ်လောက်နေခဲ့ပြီးမှာ ရောက်လာကြတာပါ။ ထိုင်းနိုင်ငံကို အသက် ၁၅ နှစ်ကျော် ကျော်အရွယ်လောက်က ရောက်လာတဲ့ ကျွန်မသမီး အမေရိကားသွားဖို့ စောင့်နေတဲ့အချိန်မှာ အသက် ၁၈ နှစ်ကျော်သွားပါတယ်။


ကျွန်မသမီး အသက် ၁၉ နှစ်ပြည့်ခါနီးအချိန် အမေရိကားမှာ အထွေထွေရွေးကောက်ပွဲတစ်ခု ကျင်းပပါတယ်။ အဲဒီရွေးကောက်ပွဲကနေ ဒေါ်နယ်ထရမ့် အနိုင်ရသွားပါတယ်။ ဒါကြောင့် အစိုးရသစ်တက်ခါနီးမှာ အစိုးရဟောင်း လက်ထက်က ကျန်နေတဲ့ Case တွေကို ထိုင်းအစိုးရဘက်က မြန်နိုင်သမျှမြန်မြန်ဖြတ်ပြီး ပို့ပေးပါတယ်။ ဒါကြောင့် ကျမတို့ မိသားစု ဇန်နဝါရီ ၉ ရက်မှာ အမေရိကားကိုရောက်လာပါတယ်။



ရောက်လာတဲ့ နေ့မှာ ပထမဦးဆုံးစတွေ့တာက နေ့နဲ့ည မှားနေတာပါပဲ။ ကျွန်မတို့နေရမယ့် နေရာကို ရောက် လာတာတဲ့အချိန်က ဒေသစံတော်ချိန် ည ၁၁ နာရီပါ။ ၃၆ နာရီလောက် လေယာဥ်နဲ့ ဆက်တိုက် ခရီးသွားခဲ့ရလို့ လူက ပင်ပန်းနေပေမဲ့ အိပ်တော့ မအိပ်ချင်ပါဘူး။ ကျမတို့ရဲ့ US Tie ဖြစ်တဲ့ အကို ဦးသီဟတင့်ဆွေတို့မိသားစု ချက်ပြုတ်ထားတဲ့ ထမင်းကိုစားပြီး ထိုင်ပွားနေကြချိန်အထိ လုံးဝမအိပ်ချင်ဘူး။ သူတို့ပြန်သွားပြီး ည ၁ နာရီခွဲမှာ အိပ်ယာဝင်ပေမဲ့လည်း မအိပ်ချင်သေးဘူး။ မနက် ၃ နာရီ လောက်မှ အိပ်ပျော်သွားပါတယ်။


ဒါပေမဲ့ ဇန်နဝါရီ ၁၀ ရက် မနက် စောစော ၇ နာရီအချိန်မှာ ဒုက္ခသည်တွေအတွက် အစားအသောက်ထောက်ပံ့တဲ့ အစိုးရဌာနကို‌ case worker နဲ့အတူသွားပြီး မှတ်ပုံတင်ရပါတယ်။ ဒါကြောင့် မနက် ၆ နာရီထရတဲ့အတွက် ၃ နာရီပဲ အိပ်ရတာပါ။ မနက်စောစော ပိုင်းမှာ အိပ်ရေးမဝသော်လည်း ရုပ်ပျက်ဆင်းပျက် အိပ်ချင်နေတာလဲမဟုတ်ပါဘူး။ အဲဒီရုံးကနေ ၁၂ နာရီလောက်မှာ ပြန်ခဲ့ရပြီး နေ့လည် ၂ နာရီလောက်မှ အိမ်ပိုင်ရှင်နဲ့ အိမ်ငှားစာချုပ် ချုပ် ရပြန်ပါတယ်။ အဲဒီကစပြီး အိပ်ချင်တာ ဘယ်လိုမှ ဟန်မဆောင်နိုင်ပါဘူး။ အိမ်ရှင်ပြောနေတဲ့ စကားတွေကို နားထောင်နေရင်းက အိပ်ချင်လွန်းလို့ ငိုက်ငိုက်ကျသွားပါတယ်။


အဲဒီကနေ ပြန်ရောက်တော့ တစ်အိမ်လုံး အိပ်ကြတာ ည ၇ နာရီလောက်မှ နိုးပါတယ်။ ပြန်နိုးလာတော့ ပြန်အိပ် လို့မရတော့ပါဘူး။ တစ်ညလုံး အိပ်မရတဲ့ဒဏ်ကို ကြိတ်မှတ်ခံရင်း မနက်လင်းခါနီးမှာ အိပ်ပျော်သွားပြီး မနက် ၁၀ နာရီလောက်မှ ပြန်နိုးလာကြပါတယ်။ အဲဒီလို အိပ်ချိန်တွေ ကမောက်ကမဖြစ်တဲ့အကြောင်း အရင် ရောက်နေတဲ့ သူတွေ ပြောပြဖူးပေမဲ့ ဒီလောက်ခက်ခဲမယ်မထင်ထားပါဘူး။ ကိုယ်တိုင်ကြုံတွေ့ရချိန်ကျတော့ တော်တော် ခက်ခဲတဲ့ ကိစ္စလို့ပြောရပါမယ်။ နောက်တစ်ခုကတော့ ငွေတန်ဖိုးကြောင့် တွန့်ဆုတ်နေမိတာပါ။


ကျမတို့ရောက်ပြီးပြီးချင်း ပြန်လည်နေရာချထားရေးအေဂျင်စီက ကျမတို့ မိသားစုကို လိုအပ်တဲ့ အိမ်သုံးပစ္စည်း တွေဝယ်ယူဖို့ ဒေါ်လာ ၃၀၀ တန် Gift Card နဲ့ အဝတ်အစားဝယ်ယူဖို့ ၁၆၀ တန် Gift Card ‌ပေးပါတယ်။ ငွေသား အနေနဲ့ တစ်ယောက်ကို ဒေါ်လာ ၅၀ ပေးပါတယ်။ ကျမတို့ကို ကူညီပေးတဲ့ ကိုသီဟတို့လင်မယားက ၁၀ ရက် ည ပိုင်းမှာ Walmart ကို လိုက်ပို့ပေးပါတယ်။



Walmart ကိုရောက်တော့ ကျမတို့အတွက် လိုချင်စရာတွေ အများကြီးရှိနေပေမဲ့ ဝယ်ရမှာ လက်တွန့်နေပါတယ်။ ၈ ဒေါ်လာတန်ကို မြန်မာငွေနဲ့ ဒါမှမဟုတ် ထိုင်းဘတ်နဲ့ တွက်လိုက်တဲ့အခါ သိပ်ဈေးကြီးတယ်လို့ တွေးမိတာပါ။ ကိုသီဟ ဇနီး အမ ဒေါ်အေးမြင့် ဒီနေ့ Discount ချတဲ့နေ့ တန်တယ်ဝယ်ဆိုပြီး တိုက်တွန်းမက တိုက်တွန်းလွန်းလို့ မိသားစုအတွက်လိုအပ်တဲ့ အနွေးထည်တွေကိုဝယ်ဖြစ်လိုက်ပေမဲ့ တွေးပြီး နှမျောနေမိပါသေးတယ်။


US မှာက ကိုယ်ပိုင် ကားမရှိရင် အတော်လေးခက်ခဲပါတယ်။ ကျမနေတဲ့ မြို့လေးမှာ public transportက အဆင်ပြေပါတယ်။ ဒါပေမဲ့ ရောက်ရောက်ခြင်း ကားမစီးတတ်သေးတော့ ကိုသီဟတို့လိုက်ပို့ပေးတာကို အား နာပေမဲ့ လိုက်သွားပါတယ်။ ကျမတို့ကို လက်ခံအကူအညီပေးနေတဲ့ အေဂျင်စီကတော့ ကျမတို့ကို public transport ဖြစ်တဲ့ ဘတ်စ်ကားစီးတတ်အောင် နည်းလမ်းပြပေးပါတယ်။


US ရဲ့ကားစနစ်က နာရီဝက်မှာ တစ်စီးလာတာဖြစ်လေတော့ အကြောင်းတစ်ခုခုကြောင့် ကားနောက်ကျရင် နောက် နာရီဝက်ပြန်စောင့်ရပါတယ်။ အခုအချိန် အရမ်းအေးနေတဲ့အချိန်မှာတော့ ဘတ်စ်ကားမှတ်တိုင်မှာ နာရီဝက် လောက် ထပ်စောင့်ရရင် တကယ်ကို စိမ့်နေအောင် အေးနေတာနဲ့ ကြုံရမှာပါ။ အမြင့်ဆုံးအပူချိန်ကတောင် ၈ ဒီဂရီစီတီဂရိတ်ဆိုတော့ စဉ်းစားသာကြည့်ကြပေတော့ ။ တချို့ရက်တွေဆိုရင် အနုတ် ၆ လောက်အထိ အေးတတ်ပါတယ်။ နေပူနေလို့ နေလို့ရမယ် မထင်နဲ့ နေပူနေတာကသပ်သပ်၊ အေးစိမ့်နေတာက သပ်သပ်ပါ။ ညနေ ၄ နာရီခွဲလောက်ဆိုရင် မှောင်လာတတ်ပါတယ်။


နည်းနည်းအဆင်ပြေတာက ဘတ်စ်ကားအတွက် App တွေရှိပြီး အဲဒီ App ကနေ ဘယ်အချိန်မှာ ဘယ်ကားထွက်မယ်ဆိုတာကို သိရတာကြောင့် အချိန်ကိုတော့ ချိန်ထွက်လို့ရပါတယ်။ နောက် ထပ်ပြဿနာတစ်ခုက ဘတ်စ်ကားတွေ က ညနေ ၆ ခွဲ ၇ နာရီလောက်ဆိုရင် ပြန်သိမ်းကြပြီဆိုတော့ ၇ နာရီကျော်မှ အလုပ်ကနေ အိမ်ပြန်ရတဲ့ သူတွေအတွက် အဆင်မပြေပါဘူး။ အဲလိုပဲ ညဘက်ကျောင်းတက်ကြတဲ့ ကျောင်းသားတွေအတွက်လည်း အိမ်ပြန်ဖို့ အတွက် သိပ်အဆင်မပြေလှပါဘူး။



အဲဒီလိုအခြေအနေတွေကြောင့် အလုပ်တစ်ခုကို အဆင်ပြေပြေသွားနိုင်ဖို့ မဖြစ်မနေ ကိုယ်ပိုင်ကားတစ်စီးရှိဖို့ လိုပါ တယ်။ အမေရိကားမှာက ကားဈေးကကြီးတာမဟုတ်ပဲ ကားဝယ်ဖို့ဆိုရင် လိုင်စင်ရှိဖို့လိုပါတယ်။ ကားဝယ်ပြီး ရင်တော့ Insurance ဝယ်ရတာ၊ ဘာညာနဲ့ နေစရိတ်အပြင် နောက်ထပ်စရိတ်တွေ ထပ်တက်လာမှာပါ။ အလုပ်တစ် ခုတောင်ရှာမရသေးခင် ကားဝယ်ဖို့ဆိုတဲ့ ကိစ္စကလည်း ကိုယ့်အတွက် အစပျောက်လှပါတယ်။ ဒါကြောင့်လည်း Public Transporting ကို ဆက်သုံးလို့ရအောင် အလုပ်လျှောက်တဲ့အခါ ကိုယ့်အိမ်နဲ့ အလှမ်းအဝေးတဲ့နေရာ၊ ဘတ်စ်ကားတွေရှိနေတဲ့ အချိန်ကိုပဲ လျှောက်နေရလို့ အလုပ်ရမရ မသေချာလှပါဘူး။


တချို့တွေက US ရောက်တော့ ပျော်လားမေးကြတော့ ပျော်တယ်၊ မပျော်ဘူး ဘယ်လိုဖြေရမယ်မှန်းကို မသိတော့ပါဘူး။ ဘဝတစ်ခုကို သုညက ပြန်စရတာဖြစ်တဲ့အပြင် အသက်အရွယ်အရလည်း လူငယ်တွေနဲ့အပြိုင် အားနဲ့အင်နဲ့ ရွေ့နိုင်တဲ့အရွယ်လည်းမဟုတ်တော့ ဘာပြောရမှန်းတောင် သေသေချာချာမသိတော့ ပါဘူး။ သေချာတာက ကျမ ကလေးတွေဘဝ ရှင်သန်ခွင့်ရသွားတဲ့အတွက်တော့ မိခင်တစ်ဦးအနေနဲ့ စိတ်အေးချမ်းမှုရ သွားပါတယ်။ နောက် အပတ်တွေမှာ ကျမတို့ရင် ဆိုင်လိုက်ရတဲ့ အခြားသောအခြေအနေတွေကိုလည်း ဆက်လက်ဖော်ပြပေးပါမယ်။


မှတ်ချက်။ ။ စာရေးသူ မခင်ငြိမ်းသစ်ဟာ ထရမ့်အစိုးရမတက်ခင် ရက်ပိုင်းအလိုကမှ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ် Kennewick မြို့ကို မိသားစုနဲ့အတူ ပြောင်းရွှေ့အခြေချခဲ့တဲ့သူဖြစ်ပါတယ်။

Comentários


bottom of page