top of page

ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ကြဖို့ ဒုစစ်ခေါင်းဆောင် ပြော

  • BVJ
  • Mar 23
  • 1 min read

BVJ/ယူဂရင်း_ မတ် ၂၁၊ ၂၀၂၅

ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်မိသားစုတွေနဲ့ ၂၀၂၅၊ မတ် ၂၀ရက် တွေ့ဆုံနေပုံ (ဓါတ်ပုံ-CINCDS)
ဒုတိယစစ်ခေါင်းဆောင်၊ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကလောတပ်မိသားစုတွေနဲ့ ၂၀၂၅၊ မတ် ၂၀ရက် တွေ့ဆုံနေပုံ (ဓါတ်ပုံ-CINCDS)

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကိုလာမယ့် ဒီဇင်ဘာလ (သို့မဟုတ်) ၂၀၂၆ခုနှစ် ဇန်နဝါရီလမှာ ကျင်းပဖို့ပြောထားတာကြောင့် ရွေးကောက်ပွဲအတွက် လုံခြုံရေးတိုးမြှင့်ကြဖို့ကို ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကလောတပ်နယ်က တပ်မိသားစုဝင်တွေနဲ့ မနေ့က မတ် ၂၀ရက်က တွေ့ဆုံချိန်မှာ မှာကြားပါတယ်။


“နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များမဲဆွယ်စည်းရုံးမှုများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်နှင့် လွတ်လပ် ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပပြီးစီးနိုင်ရန်အတွက် နယ်မြေတည်ငြိမ်အေးချမ်းရေးသည် အရေးကြီးသဖြင့် မိမိတို့တပ်မတော်သားများအနေဖြင့် မိတ်ဖက်အဖွဲ့အစည်းများဖြစ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ် (ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဒေသအလိုက် ဖွဲ့စည်းထားသည့် ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့များက ဒေသခံပြည်သူများနှင့်အတူ ပူးပေါင်း၍ လုံခြုံရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း”ဆိုပြီး ဒုတိယစစ်ခေါင်းဆောင်က ပြောပါတယ်။


ဒါ့အပြင် စစ်ခေါင်းဆောင်ပြောဆိုချက်ထဲမှာ ပြည်သူ့စစ်မှုထမ်းအကြောင်းလည်းပါဝင်ပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေက ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခြင်းမရှိတဲ့အတွက် ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဥပဒေနဲ့မညီတဲ့ မလိုလားအပ်တဲ့ ငွေကြေးမသမာမှုတွေရှိနေတာကြောင့် အဲ့ဒီပြဿနာတွေကို နိစ္စဒူဝဖြေရှင်းနေရတယ်လို့လည်း ဆိုပါတယ်။


အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ရုရှားနိုင်ငံနဲ့ ဘယ်လာရုစ်နိုင်ငံတို့ကို အခုလထဲမှာ သွားရောက်ချိန်က ရွေးကောက်ပွဲလုပ်မယ့်အချိန်ကို ထုတ်ပြောခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲကို လာရောက်လေ့လာစောင့်ကြည့်ကြဖို့လည်း အဲ့ဒီနိုင်ငံတွေကို ဖိတ်ခေါ်ခဲ့ပါသေးတယ်။


စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်အဖြစ်ပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲဖြစ်တာကြောင့် တရားဝင်မှုမရှိကြောင်းနဲ့မပူးပေါင်း မပါဝင်ဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ-NUGအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တော်လှန်‌ရေးအဖွဲ့တွေက အသိပေးထုတ်ပြန်ထားကြပါတယ်။


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ချုပ် (FIDH) ကလည်း စစ်ကောင်စီဟာ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာအနိုင်ရခဲ့တဲ့ နိုင်ငံရေးပါတီတွေကိုဖယ်ထားပြီး ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကလည်း မကြုံစဖူးမြင့်တက်လာတာကြောင့် ရွေးကောက်ပွဲကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လက်မခံဘဲပယ်ချကြဖို့ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ၅၈ ကြိမ်မြောက် အစည်းအဝေးမှာ တိုက်တွန်းခဲ့ကြောင်း ကြေညာချက်ထုတ်ထားပါတယ်။

Comments


bottom of page