မတ်လ ၃၁ ငလျင်သတင်းများ စုစည်းမှု
- BVJ
- Apr 5
- 5 min read
နာရီ ၆၀ ခန့်ပိတ်မိနေသူ ကို တရုတ်ကယ်ဆယ်ရေးအဖွဲ့ ကယ်တင်နိုင်ခဲ့
မန္တလေးမြို့ Great Wall Hotel အဆောက်အဦးအောက်မှာ နာရီ၆၀ခန့်ပိတ်မိနေတဲ့ အမျိုးသမီးတ စ်ဦးကို မတ်လ ၃၁ ရက်နေ့ မနက်အစောပိုင်းမှာ တရုတ်ကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နို င်ခဲ့ပါတယ်ကယ်ဆယ်ရေးလုပ်ငန်းစဥ်ကို ၅ နာရီကျော်ကြာ ခက်ခက်ခဲခဲလုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။
ကယ်ဆယ်နိုင်ခဲ့တဲ့ အမျိုးသမီးရဲ့ ကျန်းမာရေးအခြေအနေကောင်းမွန်နေတယ်လို့သိရပြီး တရုတ်ကယ်ဆယ်ရေးအဖွဲ့ မန္တလေးမြို့ရောက်ရှိပြီးနောက် ပထမဦးဆုံး အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တဲ့သူဖြစ်ပါတယ်။
အဆိုပါကယ်ဆယ်ရေးလုပ်ငန်းမှာ ဒေသခံမြန်မာ့ကယ်ဆယ်ရေးအဖွဲ့များ၊ ရှန်းကျန့် (Shenzhen) စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးအ ဖွဲ့နဲ့ ရုရှားကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
မြန်မာပြည်က ငလျင်ဘေးသင့်သူတွေအတွက် လန်ဒန်က ဘာသာပေါင်းစုံဆုတောင်းပွဲ

မြန်မာနိုင်ငံက ငလျင်ဘေးဒဏ်သင့်နေတဲ့သူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ခုကို မနေ့ မတ်၃၀ရက်ညနေပိုင်း လန်ဒန်မြို့မှာကျင်းပခဲ့ပါတယ်။ဗုဒ္ဗဘာသာ၊ မွတ်စလင်၊ ဟိန္ဓူ နဲ့ ခရစ်ယာန်ဘာသာတို့က ဘာသာရေးခေါင်းဆောင်တို့က လန်ဒန်မြို့လယ် Traflagar ရင်ပြင်မှာ မြန်မာနိုင်ငံက ငလျင်ဘေးသင့်သူတွေအတွက် ဆုတောင်းမေတ္တာပို့ပေးခဲ့ကြပါတယ်။
မတ်လ၂၈ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ငလျင်ကြောင့် မြန်မာနိုင်ငမှာ လူ၁၆၀၀ကျော် သေဆုံးခဲ့ပြီး လူသောင်းနဲ့ချိဒဏ်ရာရရှိခဲ့ပါတယ်။
မြန်မာငလျင်ဘေးဒုက္ခကို သတင်းယူမယ့် နိုင်ငံခြားသတင်းထောက်တွေကို စစ်ကောင်စီ ပြည်ဝင်ခွင့်မပြု
အင်အားပြင်း ငလျင်ဘေးဒဏ်ကြုံတွေ့နေရမှုနဲ့ပတ်သက်ပြီး နိုင်ငံတကာသတင်းဌာနတွေ မြန်မာနိုင်ငံတွင်းဝင်ရောက်ကာ သတင်းရယူလိုမှုကို ခွင့်မပြုကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့ မတ်လ ၃၀ ရက် ညပိုင်းမှာ ပြောဆိုထားပါတယ်။

ငလျင်ဘေးဒဏ်ကြောင့် နိုင်ငံတကာသတင်းထောက်တွေအနေနဲ့ တည်းခိုနေထိုင်ဖို့နဲ့ သွားလာဖို့ အဆင်မပြေနိုင်သလို လျှပ်စစ်မီးလည်း မရရှိသေးတာကြောင့် အခက်အခဲတွေရှိနိုင်တယ်လို့ အကြောင်းပြကာ ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြည်ဝင်ခွင့်မပေးခဲ့တာလည်း ဖြစ်ပါတယ်။
“နိုင်ငံခြားသတင်းထောက်များလာဖို့ ခွင့်တောင်းတာရှိပါတယ်။ နိုင်ငံခြားသတင်းထောက်များ ဒီကိုရောက်လာရင်လည်း တည်းစရာ၊ နေစရာ အဆင်မပြေပါဘူး။ ဟိုတယ်အတော်များများကလည်း ထိခိုက်ထားတာရှိတယ်။ ဒါ့အပြင် လျှပ်စစ်မီးလည်း အတော်များများနေရာမှာ မရရှိသေးဘူး။ ရေနဲ့ပတ်သက်ပြီးလည်း အခက်အခဲရှိပါတယ်။ … ဒီဟာတွေနဲ့ပတ်သက်ပြီးတော့ လာနေ၊ နေတာ၊ တည်းခိုတာ၊ သွားတာ၊ လာတာ အဆင်မပြေနိုင်ပါဘူး။ ဒါကိုတော့ အားလုံးသိရှိထားစေလိုပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာလည်း ဖြစ်ပါတယ်။
ဒေသတွင်းတာဝန်ရှိသူတွေအနေနဲ့လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုသာ အာရုံစိုက်လုပ်ဆောင်နေတာကြောင့် နိုင်ငံတကာသတင်းထောက်တွေ ပြည်တွင်းဝင်ရောက်လာပါက အခက်အခဲတွေရှိနိုင်တယ်လို့လည်း ဇော်မင်းထွန်းက ဆက်ပြောထားပါတယ်။
မြန်မာနိုင်ငံတွင်း သဘာဝဘေးဒဏ်တွေ ကြုံတွေ့ရချိန်တိုင်း မြေပြင်သတင်းအချက်အလက်အမှန် ရယူနိုင်ဖို့ကြိုးစားတဲ့ ပြည်တွင်းသတင်းဌာနတွေနဲ့ နိုင်ငံတကာသတင်းဌာနတွေကို စစ်ခေါင်းဆောင်တွေက ပိတ်ပင်တားဆီးမှုတွေ လုပ်ဆောင်လေ့ရှိပြီး သတင်းရယူခွင့်ရှိတဲ့ သတင်းဌာနတွေကိုလည်း သူတို့ခွင့်ပြုရာနေရာဒေသတွေကိုလည်း သွားလာခွင့်ပြုလေ့ရှိတာလည်း ဖြစ်ပါတယ်။
လက်ရှိ ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့ ဒေသတွေနဲ့ပတ်သက်ပြီး သတင်းလွတ်လပ်စွာရယူခွင့် မရရှိတာကြောင့် မြေပြင်ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျ မသိရှိရဘဲ စစ်ကောင်စီ ထုတ်ပြန်မှုနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပြောကြားမှုကိုသာရရှိနေတာလည်း ဖြစ်ပါတယ်။
ဒီနေ့ မတ်လ ၃၀ ရက်နေ့အထိ ငလျင်ဘေးဒဏ်ကြောင့် ၃ ရက်အတွင်း သေဆုံးသူ ၁၇၀၀ ဝန်းကျင်သာရှိသေးတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပေမဲ့ ငလျင်ကြောင့် အမှန်တကယ်သေဆုံးနိုင်မှုဟာ ၁၀၀၀၀ ဝန်းကျင်အထိရှိနိုင်တယ်လို့ ကမ္ဘာတစ်ဝန်း ငလျင်လှုပ်ခတ်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ (USGS) က ထုတ်ပြန်ထားပါတယ်။
၁၁ထပ်ကွန်ဒိုပြိုကျပြီး ပိတ်မိနေရာကနေ လွတ်မြောက်အောင်ထွက်လာနိုင်တဲ့ ဆယ်ကျော်သက်မိန်းကလေး နှစ်ဦးနဲ့အဘွားကို ချီးကျူးနေ
အခုလ ၂၈ ရက်၊ မွန်းလွဲ ၁၂း ၅၂ မိနစ်အချိန်မှာ လှုပ်ခတ်သွားတဲ့ပြင်းအားပြင်း ငလျင်အတွင်းမှာ မန္တလေးမြို့က ၁၁ရှိတဲ့စကိုင်းဗီလာကွန်ဒိုလည်း ပြိုကျပျက်ဆီး၊ မြေကြီးထဲနစ်မြုတ်မှုအတွင်း ပါဝင်ခဲ့ပါတယ်။
အဲ့ဒီထဲမှာ စကိုင်းဗီလာကွန်ဒို ခြောက်ထပ်မှာနေထိုင်တဲ့ ၇၅ နှစ်အရွယ် နှလုံးရောဂါရှိတဲ့အဖွားနဲ့ ၁၆ နှစ်၊ ၁၃ နှစ်အရွယ် မြေးနှစ်ဦးတို့လည်းပါဝင်ပြီး အဆောက်အဦးပြိုကျမှုအတွင်းပိတ်မိကာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပါတယ်။
အဘွားနေတဲ့အခန်းက နံရံပြိုကျပြီးအခန်းတံခါးပိတ်သွားကာ ခေါင်းမှာဒဏ်ရာရခဲ့တဲ့အဘွားကို ခက်ခက်ခဲခဲကယ်ထုတ်ပြီး အခန်းထဲကထွက်ဖို့ကြိုးစားချိန်မှာ တိုက်ပြိုပြီးပိတ်မိခဲ့ကြောင်းကို ကလေးတွေရဲ့အဖေဖြစ်သူက လူမှုကွန်ရက်မှာ ရေးထားပါတယ်။
“အဆောက်အဦး ပြိုကျသွားချိန်တွင် မှောင်မည်းနေပြီး ဖုန်မုန့်များဖြင့် တစ်ယောက်နဲ့တစ်ယောက် မမြင်ရတော့ဘူး၊ ခန္ဓာကိုယ်ပေါ်ပိကြနေသောကျောက်တုံးများဖယ်ရှား၍ ထွက်ပေါက်များ ရှာ၍မရခဲ့ကြဘူး။ ခဏအကြာမှာပဲ သမီးတို့အောက်တွင် မိန်းကလေးတစ်ယောက်နဲ့ အန်တီကြီးများရှိနေကြောင်း သိရှိ၍ အပေါ်အောက်အော်ခေါ်ကြပြီး ပြင်ပမှ ဘာသံမှမကြားရဘူး။ နာရီချိန်ကြာမြင့်လာချိန်တွင် စိတ်ကိုလျော့၍ အဖွားနဲ့ လက်ခြင်းထပ်ခါငိုကြတယ်” လို့ အဖေဖြစ်သူက သမီးတွေကြုံတွေ့ခဲ့ရပုံကို ရေးသားထားပါတယ်။
ပါတဲ့ဖုန်းတွေနဲ့ကလေးနှစ်ယောက်ဟာ မှတ်တမ်းတင်ထားခဲ့သလို သေသွားခဲ့ရင်တောင် ဖုန်းတွေရှာတွေ့ပြီး အဖေနဲ့အမေမြင်အောင်လို့ ဖုန်းလော့ခတ်ထားတွေတောင် ဖြုတ်ထားခဲ့ကြပါတယ်။
နာရီအတော်ကြာနေပြီးကယ်ဆယ်ရေးအဖွဲ့တွေရောက်လာချိန်မှာတော့ ဝိုင်းအော်ခေါ်ခဲ့ကြကြောင်းနဲ့ ကယ်ဆယ်ရေးသမားတွေက ကယ်ပေးဖို့အပေါက်ဖောက်ပေးဖို့ ပစ္စည်းတွေသွားယူမယ်ဆိုပြီး နာရီအတော်ကြာပေါ်မလာဘဲ နောက်ထပ်ကယ်ဆယ်ရေးသမားတစ်ဦးရောက်လာပြီး တူနဲ့အပေါက်သေးသေးလေးဖောက်ပြီး ရေတိုက်ခဲ့တယ်လို့ သိရပါတယ်။
“တူနဲ့ထုပြီး အပေါက်သေးသေး တစ်ခုထွက်လာတယ်။ ရေလာပေးတယ် အောက်ထပ်က လူတွေ အရင်ဦးဆုံးကယ်ထုတ်သွားပြီလို့သမီးထင်ခဲ့တယ်။ သမီးတို့မြေးဖွားတွေ မထားခဲ့ဖို့ပြောရင်း အသံမကြားရတော့ဘူး။ အဲ့ဒါနဲ့သမီးတို့မြေးအဖွားတွေ ကျောက်ခဲလုံးတွေဖယ်ကြရင်း လက်နဲ့စမ်းမိတယ်။ ကယ်ဆယ်ရေးအကိုထုနေတဲ့ တူတစ်ချောင်းကျန်ခဲ့တာကိုစမ်းမိတယ် အဲ့ဒါနဲ့ အဲ့ဒီတူကိုယူပြီး ကျောက်တုံးတွေ ထုခွဲပြီး လူတစ်ကိုယ်ဝင်စာလေးပွင့်သွားခဲ့တယ်။
ကယ်ဆယ်ရေး အကိုတွေပြန်လာခေါ်တာကိုမစောင့်ဘဲ သမီးအရင်ထွက်လို့ရအောင်ကြိုးစားခဲ့တယ်
အဖွားက မြေးရေ အဖွားကိုမထားခဲ့နဲ့ဆိုပြီးပြောတယ်။ အဖွားကလဲ အမောဖေါက်နေပြီး
ယပ်ခတ်ပေးဖို့ဘာမှလဲမရှိဘူး။ အဲဒါနဲ့ ပျဉ်ပြားတစ်ချပ်ရှိတော့ အဲ့ဒါကိုချိုးပြီး ညီမလေးကိုခတ်ခိုင်းထားခဲ့တယ်။ အဖွားအတွက် အပေါက်အကြီးကြီး ဖောက်ချင်ပေမဲ့ ကျောက်တုံးကြီးတွေအရမ်းကြီးလွန်တော့ သမီးတို့နှစ်ယောက်စလုံး မလုပ်နိုင်ခဲ့ဘူး။ ဒါနဲ့သမီးရအောင်ထွက်ဖို့ ကြိုးစားတယ်။ ခေါင်းထွက်လို့ရလာတော့ ကယ်ဆယ်ရေးအကိုတွေက သမီးကိုဆွဲထုတ်ပေးကြတယ်။ ကယ်ဆယ်ရေးအကိုတွေဆီ ညီမလေးနဲ့အဖွားကို ကယ်တင်ပေးဖို့ ပြောနေရင်းညီမလေးလဲထွက်လာနိုင်ခဲ့တယ်”လို့ လွတ်မြောက်အောင်ကြိုးစားခဲ့ရပုံကို ကလေးနှစ်ဦးက အဖေဖြစ်သူကို ပြန်ပြောပြခဲ့တာပါ။
အဲ့ဒီနောက်အဘွားကိုလည်း ကယ်ဆယ်ရေးအဖွဲ့က ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ငလျင်လှုပ်ပြီး ကွန်ဒိုပြိုကျချိန်မှာ ကလေးတွေအမေနဲ့သားဖြစ်သူတို့ဟာ အပြင်ရောက်နေပြီး ကလေးတွေအဖေဖြစ်သူဟာလည်း ပြည်ပမှာလို့ သိရပါတယ်။
ပြိုပြီးပိကျနေတဲ့ အဆောက်အဦးကြားကနေ လွတ်မြောက်အောင်ကြိုးစားပြီး တူတစ်ချောင်းနဲ့ ကိုယ့်ဘာသာ ရအောင်ဖောက်ထွက်နိုင်ခဲ့တဲ့ ဆယ်ကျော်သက်မိန်းကလေးနှစ်ဦးကို လူအများကချီးကျူးနေကြပါတယ်။
SKY Villaကွန်ဒိုဟာ ၁၁ထပ်ရှိပြီး ငလျင်ကြောင့် လေးထပ်ဟာ မြေကြီးထဲကျွံဝင်သွားပါတယ်။ ငလျင်လှုပ်ခတ်သွားတာ ဒီနေ့နဲ့ဆို လေးရက်မြောက်ရှိလာပြီဖြစ်ပြီး လက်ရှိမှာ SKY Villaကွန်ဒိုအပါအဝင် ပြိုကျသွားတဲ့နေရာတွေကို ကယ်ဆယ်ရေးတွေလုပ်ဆောင်နေဆဲဖြစ်ပါတယ်။
“မျက်ရည်တွေ ငိုကြွေးသံတွေနဲ့ပြည့်နေတဲ့ အစ္စလာမ်မိသားစုဝင်တွေကို Eid Mubarak လို့နှုတ်ဆက်ရတာ အရမ်းရင်နာဝမ်းနည်းရပါတယ်”
အခုလ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ဒဏ်ကြောင့် မန္တလေးမြို့ရှိ ဗလီတွေပြိုကျပျက်စီးသွားခဲ့တဲ့အတွက် ဒီနေ့ မတ်လ ၃၁ရက်မှာကျရောက်တဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ Eid(အစ်နေ့)ကို မန္တလေးမြို့ လမ်းမတွေပေါ်မှာ ဝတ်ပြုဆုတောင်းနေကြရပါတယ်။
“မျက်ရည်တွေ ငိုကြွေးသံတွေနဲ့ပြည့်နေတဲ့အစ္စလာမ်မိသားစုဝင်တွေကို Eid Mubarak လို့နှုတ်ဆက်ရတာ ကျနော်တို့မှာအရမ်းရင်နာရ ဝမ်းနည်းရပါတယ်။ ရင်ထဲတော်တော်မကောင်းဘူး။ အစ်နမာဇ်ကိုဖတ်ပြီးရင် ဂျနာဇာဆိုတဲ့နာရေးဝတ်ပြုမှုတွေလည်း လုပ်ကြရဦးမယ်။ နောက်နှစ်တွေ ဒါမျိုးတွေမကြုံတွေ့ရဘဲ ပျော်ရွှင်မှုတွေနဲ့ပဲနှုတ်ဆက်ချင်ပါတယ်”လို့ အစ္စလာမ်ဘာသာဝင် အမျိုးသားတစ်ဦးက Burma VJကိုပြောပါတယ်။
၇.၇ရှိတဲ့အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်း၊မန္တလေးအပါအဝင် တိုင်းနဲ့ပြည်နယ်အချို့က ဗလီ ၅၀ကျော်ပြိုကျပျက်ဆီးခဲ့ရသလို ငလျင်လှုပ်ခတ်တဲ့အချိန်ဟာ သောကြာနေ့ဝတ်ပြုဆုတောင်းချိန်ဖြစ်တာကြောင့် အစ္စလာမ်ဘာသာဝင် ၅၀၀နီးပါးသေဆုံးခဲ့ရပါတယ်။
ဆုံးရှုံးသွားတဲ့ အစ္စလာမ်မိသားစုဝင်တွေအတွက် ကိုယ်ချင်းစာနာ ဝမ်းနည်းသောအားဖြင့် ဒီနေ့မှာကျရောက်တဲ့ အစ်နေ့ကိုလည်း ပျော်ပွဲရွှင်ပွဲတွေမလုပ်ကြ၊ အပျော်ဓါတ်ပုံတွေကို လူမှုကွန်ရက်မှာမတင်ကြဘဲ တိတ်တဆိတ်နေပေးကြဖို့ကို အစ္စလာမ်အသိုင်းအဝိုင်းက တိုက်တွန်းထားကြပါတယ်။
တရုတ်ငြိုငြင်မှာကိုကြောက်တဲ့ စစ်ကောင်စီက ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို ပြည်ဝင်ခွင့်မပေး
မန္တလေးနဲ့ စစ်ကိုင်းမှာ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ကူညီကယ်ဆယ်ရေးတွေလုပ်ဖို့အတွက် မြန်မာနိုင်ငံကို နာရီပိုင်းအတွင်း အစောဆုံးလာရောက်ဖို့ကြိုးစားခဲ့တဲ့ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့ကို စစ်ကောင်စီက ဒီနေ့အထိ ပြည်ဝင်ခွင့်မပေးခဲ့ပါဘူး။

ဆရာဝန် ၅ ဦး၊ တိရစ္ဆာန်ဆေးကုဆရာဝန် ၁ ဦး၊ သူနာပြု ၇ ဦးအပါအဝင် ကယ်ဆယ်ရေးဝန်ထမ်း ၁၂၆ ဦးပါဝင်တဲ့ ထိုင်ဝမ်အဖွဲ့ဟာ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်အပြီး နာရီပိုင်းအတွင်းမှာ မြန်မာနိုင်ငံကို လာရောက်ကူညီဖို့ အသင့်အနေအထားနဲ့စောင့်ဆိုင်းပြီး ဝင်ခွင့်ကြိုးစားခဲ့ပေမဲ့ ဒီနေ့ မတ်လ ၃၁ ရက် လေးရက်ကြာတဲ့အထိ စစ်ကောင်စီက ပြည်ဝင်ခွင့်မပြုခဲ့ပါဘူး။
ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့နဲ့အတူ သဘာဝဘေးဒဏ်အတွက် ကူညီရှာဖွေရေးအတွက် လေ့ကျင့်ပေးထားတဲ့ ခွေး ၆ ကောင်လည်းပါဝင်ပြီး ဆေးဘက်ဆိုင်ရာပစ္စည်းတွေအပါအဝင် ကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ပစ္စည်း ၁၅ တန်ကိုလည်း မတ်လ ၂၈ ရက် နေ့လည် သုံးနာရီခွဲက နန်တုံးပြည်နယ် ဇူရှန်မှာ အဆင်သင့်ပြင်ထားခဲ့တာလို့ သိရပါတယ်။
ငလျင်လှုပ်ခတ်ပြီးချိန် နိုင်ငံတကာက ဘယ်အဖွဲ့အစည်းအားလုံး အကူအညီပေးကြဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တောင်းခံပေမဲ့ တရုတ်နဲ့ နယ်မြေအငြင်းပွားမှုရှိနေတဲ့ ထိုင်ဝမ်ရဲ့ ငလျင်ကူညီကယ်ဆယ်ရေး ပြည်ဝင်ခွင့်တောင်းဆိုမှုကို စစ်ကောင်စီက လျစ်လျူရှုခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်ဝမ်ကို သီးခြားနိုင်ငံအဖြစ်မသတ်မှတ်ဘဲ သူ့လက်အောက်ခံပြည်နယ်တစ်ခုအဖြစ်သာ သတ်မှတ်ထားတဲ့ တရုတ်အစိုးရရဲ့ ငြိုငြင်မှာ ကြောက်ရွံ့တဲ့ စစ်ကောင်စီဟာ ငလျင်ဖြစ်ပွားပြီးချိန် နာရီပိုင်းအကြာမှာ ရောက်လာမယ့် ထိုင်ဝမ်ကယ်ဆယ်အဖွဲ့ကို လက်မခံခဲ့ဘဲ ငလျင်ဖြစ်ပွားပြီး တစ်ရက်အကြာမှာ ရောက်လာတဲ့ တရုတ်၊ ရုရှား စတဲ့ စစ်ကောင်စီ မဟာမိတ်နိုင်ငံတွေကိုသာ ပြည်ဝင်ခွင့်ပေးခဲ့တာလည်း ဖြစ်ပါတယ်။
ပြိုကျSky Villa ကွန်ဒိုအောက်က အမျိုးသမီးနှစ်ဦးကို မီးသတ်နဲ့တရုတ်တပ်ဖွဲ့ပေါင်းပြီး ကယ်ထုတ်လာနိုင်

ငလျင်ကြောင့် မန္တလေးက ၁၁ထပ်အမြင့်ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးတဲ့နေရာကနေ အမျိုးသမီးနှစ်ဦးကို ထပ်မံကယ်ထုတ်လာနိုင်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့ မတ်လ ၃၁ရက် မနက်မှာ အသိပေးထားပါတယ်။
ဒီနေ့ ၃၁ရက်မှာ မီးသတ်ဦးစီးဌာနက ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ တရုတ်က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေပူပေါင်းကာ ကယ်ထုတ်လိုက်နိုင်တာဖြစ်ပြီး နောက်ထပ် အမျိုးသမီး နှစ်ဦးရဲ့သေဆုံး ရုပ်အလောင်းတွေကိုလည်းရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်ဆောင်ရွက်နေပါတယ်။
ဘန်ကောက်က အဆောက်အအုံအချို့အန္တရာယ်ရှိတာကြောင့် နေထိုင်သူတွေကို အရေးပေါ်ရွှေ့ပြောင်း
မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင် နောက်ဆက်တွဲအခြေအနေကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်ရှိ အဆောက်အအုံအချို့ မှာ ထိခိုက်ပျက်စီးမှုတွေ ဆက်လက်ရှိနေတဲ့အတွက် အဲဒီအဆောက်အအုံတွေမှာ နေထိုင်သူတွေကို နေရာရွှေ့ပြောင်းမှုတွေလုပ်ဆောင်ခဲ့ရတယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြပါတယ်။

ဘန်ကောက်က အဆောက်အအုံအချို့ အက်ကွဲမှုနဲ့ ထိခိုက်ပျက်စီးမှုတွေဆက်ရှိနေပြီး တုန်ခါမှုတွေဖြစ်ပေါ်နေသလို လုံခြုံရေးအားနည်းမှုတွေရှိနေကြောင်း သတင်းပေးပို့ချက်အရ ဒီနေ့ မတ်လ ၃၁ ရက် မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ အဲဒီအဆောက်အအုံတွေမှာ နေထိုင်နေသူတွေကို နေရာရွှေ့ပြောင်းခဲ့ရတာပါ။
အရေးပေါ်ရွှေပြောင်းမှုလုပ်ဆောင်ရတဲ့ အဆောက်အအုံတွေထဲမှာ ထိုင်းအစိုးရအဖွဲ့ရုံးအချို့နဲ့ ကွန်ဒိုအချို့လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ အရေးပေါ်ရွှေ့ပြောင်းရမှုတွေနဲ့ပတ်သက်ပြီး ငလျင်ထပ်မံလှုပ်ခတ်တာမဟုတ်တာကြောင့် ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမဖြစ်ကြဖို့နဲ့ ခိုင်လုံမှုမရှိတဲ့ သတင်းတွေကို မယုံကြည်ကြဖို့ကိုလည်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ပြောကြားထားပါတယ်။
မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်လှုပ်ခတ်မှုအပြီး ဘန်ကောက်မြို့ ချက်တူချက်အနီးမှာရှိတဲ့ အထပ် ၃၀ မြင့် ဆောက်လုပ်စအဆောက်အအုံ ပြိုကျမှုကြောင့် ဆောက်လုပ်ရေးဝန်ထမ်း ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီးနောက် ထိုင်းဝန်ကြီးချုပ်က အထပ်မြင့်အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို စုံစမ်းစစ်ဆေးဖို့ ပြောကြားထားပါသေးတယ်။
ကယ်ဆယ်ရေးခက်ခဲနေတဲ့ Sky Villa ကွန်ဒို နောက်ဆုံးအခြေအနေ
ငလျင်ဒဏ်ကြောင့် အဆောက်အအုံပြိုကျ ပိတ်မိမှုအတွင်း ပါဝင်ခဲ့တဲ့ မန္တလေးမြို့ Sky Villa ကွန်ဒိုက သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်ရဲ့ သေဆုံးနေတဲ့အလောင်းကို ရှာဖွေသယ်ထုတ်နိုင်ခဲ့ပြီး စိန်တိုက်က ဝန်ထမ်းတစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် အမေ၊သမီးကြီး၊ သားမက်နဲ့ မြေးမလေးတို့ဟာ ၂၈ရက်နေ့အင်အားပြင်း ငလျင်အပြီး တိုက်ပြိုကျမှုအတွင်းပါသွားတာကြောင့် သေဆုံးပြီဆိုပြီး သုခဒိုင်းမွန်းစိန်တိုက်က ကြေညာခဲ့ပါတယ်။
အဲ့ဒီနောက် မနေ့က မတ်လ ၃၀ရက်မှာတော့ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင်ရဲ့ အသံကို ပြိုကျနေတဲ့တိုက်ပုံအတွင်းကကြားရတယ်ဆိုပြီး မိသားစုဝင်တွေဟာ မျှော်လင့်ချက်နဲ့ ကယ်ဆယ်ရေးတွေလုပ်ဖို့ အကူအညီတောင်းခံခဲ့ကြပေမယ့် ဒီနေ့မနက်မှာတော့ စိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေရဲ့ ရုပ်အလောင်းကိုထုတ်လာနိုင်ခဲ့ကြောင်း သမီးငယ်ဖြစ်သူက လူမှုကွန်ရက်မှာ အသိပေးထားပါတယ်။
“အမေ့ကို သင်္ဂြိုလ်ပြီးပါပြီ။ အမေကကျမတို့ကိုထားသွားပါပြီ။ ကျမ ကမ္ဘာကြီးပျက်သွားပြီ”လို့ သမီးငယ်ဖြစ်သူ သဲလေးက လွန်ခဲ့တဲ့နှစ်နာရီခန့်က အသိပေးထားပါတယ်။
ဒေါ်မိုးသီတာရွှေဟာ တိုက်ပြိုတဲ့နေ့ကတည်းက သေဆုံးသွားတာဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ကျမ်းမာရေးဝန်ထမ်းတွေက ကောက်ချက်ချထားပါတယ်။
ဒါ့အပြင် ဒီနေ့မနက်မှာပဲ စိန်တိုက်က ဝန်ထမ်းအမျိုးသမီးတစ်ဦးကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူတွေက အသက်ရှင်လျက်ကယ်ထုတ်လာနိုင်ခဲ့ပါတယ်။
“မိသားစုက ၄ယောက်၊ မိသားစုဝန်ထမ်းက ၄ယောက်မှာ သူတယောက်ထဲ ထိခိုက်မှုမရှိဘဲ အသက်ရှင်ပြန်ရတာပါ”လို့ လွတ်မြောက်လာသူ ဝန်ထမ်းအမျိုးသမီးနဲ့ပတ်သက်ပြီး စိန်တိုက်ပိုင်ရှင်ရဲ့ သားမက်ဖြစ်သူ အဆိုတော်ရဲနောင်က အသိပေးထားပါတယ်။
အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ပိတ်မိနေသူတွေကို မတ်လ ၃၀ရက် မနက်ပိုင်းကစလို့ တရုတ်နိုင်ငံကလာတဲ့ ကယ်ဆယ်ရေးအဖွဲ့နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ကယ်ဆယ်ရေးလုပ်ဆောင်နေတာပါ။
ဒါပေမယ့် အဆောက်အအုံပြိုကျပိတ်မှုတွေအတွင်း ကယ်ဆယ်ရေးကိုခက်ခက်ခဲခဲလုပ်ဆောင်နေရပြီး လက်ရှိအချိန်ထိ ကွန်ဒိုထဲမှာ နာရီ ၆၀ကျော်ကြာမြုပ်နေတဲ့ ငါးနှစ် ကလေးငယ်တစ်ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးနဲ့ အသက် ၂၉ နှစ် အမျိုးသမီးတစ်ဦးတို့ကိုသာ ကယ်ထုတ်နိုင်သေးကြောင်း တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ကူညီကယ်ဆယ်ရေးမှာပါဝင်နေတဲ့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ ဒီနေ့ မနက်ပိုင်း အသိပေးထုတ်ပြန်ချက်မှာတော့ အမျိုးသမီးနှစ်ဦးကို အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးနေတဲ့အမျိုးသမီးနှစ်ဦးရဲ့အလောင်းကို သယ်ထုတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
သေဆုံးသူတွေရဲ့အလောင်းကိုလည်း နာရီဆယ်နဲ့ချီခက်ခက်ခဲခဲသယ်ထုတ်ရတာဖြစ်ပြီး မနေ့ကလည်း ငလျင်ထပ်လှုပ်သွားတာကြောင့် လက်ရှိမှာတော့ ကွန်ဒိုရဲ့ အနောက်နဲ့ တောင်ဘက်အခြမ်းတို့ကို ကယ်ဆယ်ရေးရပ်နားထားပြီး ကျန်တဲ့နေရာတွေကို ဆက်ရှာမယ်လို့သိပါတယ်။
စစ်ကောင်စီ မန္တလေးတိုင်းအစိုးရရဲ့ စာရင်းအရ Sky Villa ကွန်ဒိုမှာ နေထိုင်သူ (၃၅၀)ခန့်ရှိတယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းမှာ ရှာဖွေကယ်ဆယ်ရေးနဲ့ အစားအစာသောက်ရေ အရေးပေါ်အကူအညီလိုအပ်နေ
အင်အားပြင်းငလျင် ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ စစ်ကိုင်းမြို့ကို ဒီနေ့ မတ်လ ၃၁ ရက်နေ့အထိ ကူညီကယ်ဆယ်ရေးတွေမရောက်ရှိသေးဘဲ တနိုင်တပိုင် ကူညီနေတဲ့ စေတနာ့ဝန်ထမ်းလူငယ်တွေပဲရှိသေးတယ်လို့ သိရပါတယ်။ ပြင်ပအပျက်အစီးတွေကိုတောင် ဖယ်ရှားနိုင်တဲ့အခြေအနေမရှိသေးတဲ့အပြင် ကူညီမယ့်သူတွေအနေနဲ့လည်း အခက်အခဲတွေရှိနေတယ်လို့ သိရပါတယ်။

“ဖြတ်သန်းသွားတဲ့လမ်းကြောင်းပေါ်မှာ ကယ်ဆယ်ရေးလုပ်နေတာ သိပ်မတွေ့ရသေးဘူး။ မြင်းမူမြို့ကသွားတဲ့ လူတွေကတော့ ၄ ယောက် ၅ ယောက်စုပြီး ကား ၃ စီး ၄ စီးနဲ့ အဲ့လိုတွေ သွားနေကြတာ တွေ့ရတယ်။ အဆောက်အအုံ ပျက်စီးတာတွေကိုတော့ ဖယ်ရှားလို့မရသေးဘူး။ လိုအပ်တဲ့ စက်ပစ္စည်းတွေလည်းမရှိဘူး။ ကျွန်တော်တို့သွားတဲ့အချိန်မှာ ဘတ်ဖိုး တစ်စီးဝင်လာတာတော့တွေ့တယ်။ ကျန်တဲ့ကယ်ဆယ်ရေးတွေ ရောက်လာတာတော့ မတွေ့ဘူး။ လက်တွေ့ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူငယ်တစ်ဦးပြောစကားအရ ဆရာတော်တစ်ပါးကတော့ ကရိန်း လာစီစဉ်တယ်။ ဒါပေမယ့် ဘာမှလုပ်လို့မရလို့ ပြန်သွားရတယ်။ အဆောက်အဦးတွေက တစ်ခုနဲ့ တစ်ခု ကပ်နေတာဆိုတော့ တစ်အိမ်ဖယ်ရင် နောက်တစ်အိမ်က ပြိုကျမယ့် အနေအထားတွေ ဖြစ်နေလို့ပါ ” လို့ မြင်းမူမြို့ကနေ စစ်ကိုင်းကို ကူညီကယ်ဆယ်ရေးသွားခဲ့တဲ့ ဒေသခံတစ်ဦးက Burma VJ ကိုပြောပါတယ်။
ဒါ့အပြင် ပြိုကျနေတဲ့ အဆောက်အဦးတွေ နစ်မြုပ်နေတဲ့ အဆောက်အဦးတွေမှာလည်း ပိမိနေတဲ့ Dead Body တွေကို တစ်ချို့ထုတ်လာလို့ရသလို ထုတ်လို့မရသေးတဲ့ Dead Body တွေလည်း အများအပြား ရှိနေတယ်လို့သိရပါတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေကတော့ ဆေးရုံပေါ်မှာ ထောင်ကျော်ရှိနေတယ်လို့သိရပြီး ပိမိနေသူတွေ ကျန်ရှိနေသေးလား ဆိုတာကိုတော့ မသိရသေးဘူးလို့လည်း သိရပါတယ်။
“မြင်းမူမြို့ကသွားတဲ့ ကလေးတွေကတော့ လူတွေဆွဲထုတ်ကြတယ် များသောအားဖြင့် Dead Body တွေပဲရတာများပါတယ်။ ပြင်ပ ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကတော့ ဆေးရုံရောက်နေလောက်မယ်။ ဆေးရုံမှာကတော့ လူနာတွေ ထောင်ကျော်တွေ့ခဲ့ရတယ်။ သူနာပြုသင်တန်းကျောင်းတွေ သီလရှင်ကျောင်းတွေ ပြိုကျတာတွေတွေ့ရတယ်။ တစ်ချို့ကျတော့လည်း DB ပြန်ရတယ်။ တစ်ချို့ကျတော့လည်း DB ပြန်မရသေးဘူး။ ကူညီနေတဲ့ လူငယ်တွေပြောတဲ့အနေအထားကတော့ DB က ရလာတဲ့ အနံ့တွေအရမ်းနံနေတယ်လို့ ပြောကြတယ်။ စစ်ကိုင်းမှာဆုံးသွားတဲ့ ကျွန်တော်တို့ မြင်းမူကလူတွေလည်း များတယ်လို့သိရတယ်” လို့ ဒေသခံက ဆက်လက်ပြောခဲ့ပါတယ်။
စစ်ကိုင်းမြို့မှာ စားရေးသောက်ရေးအခက်အခဲတွေလည်း လိုအပ်နေသေးပြီး မြင်းမူမြို့ကနေ ကူညီဖို့သွားတဲ့ သူတွေအနေနဲ့ အစားအသောက်ဝယ်ရတာအခက်အခဲတွေလည်းရှိနေပြီလို့ သိရပါတယ်။ အဓိကက သောက်သုံးရေလိုအပ်ချက်ဖြစ်နေပြီး လှူဒါန်းချင်တဲ့သူတွေအနေနဲ့ သွားရောက်လှူဒါန်းမယ်ဆိုရင် အသွားအလာ လွယ်ကူတယ်လို့ သိရပါတယ်။
“စစ်ကိုင်းမှာ စားရေးသောက်ရေး အရမ်းခက်ခဲနေတယ်။ ကျွန်တော်တို့ကတော့ ထမင်းချက်ပြီးသွားပို့တယ်။ မြင်းမူမှာရှိတဲ့ဆိုင်တွေက ခေါက်ဆွဲခြောက်တွေ ရေသန့်တွေ ကြက်ဥတွေဝယ်ပြီးသွားပို့တာ။ ဆင်းရဲချမ်းသာမရွေး ဝယ်ရခက် စားရခက်နဲ့ အရမ်းအခက်အခဲဖြစ်နေတယ်။ အဓိက ကတော့ သောက်ရေလိုအပ်ချက်မြင့်နေတယ်။ ကျွန်တော်တို့ဆီမှာလည်း ကြက်ဥတွေပြတ်သွားပြီ။ ဆန်ကတော့ ရှိသေးတယ်။ စားသုံးဆီကတော့ မကြာခင် ပြတ်တော့မယ်။ ရပ်ဝေးကလာမယ့်သူတွေကိုလည်း ကူညီမယ့်သူတွေရှိတယ်။ ကားရှိတဲ့သူတွေကျတော့လည်း ကားကူညီတယ်။ ဆီဖိုးစိုက်ပေးပေါ့။ အဲ့လိုမျိုးတွေ ကူညီနေပါတယ်” လို့ ဒေသခံရဲ့ ပြောစကားအရ သိရပါတယ်။
အချို့နေရာတွေမှာ ဖုန်းလိုင်းတွေကတော့ မနေ့ကမှ ပြန်ရတာဖြစ်တဲ့အတွက် အဆက်အသွယ်တွေ လုပ်ရတာခက်ခဲနေပြီး အင်တာနက်တော့ မရသေးဘူးလို့ သိရပါတယ်။ စစ်ကိုင်းမြို့ကို လမ်းမကြီးပေါ်ကနေ သွားတဲ့သူတွေအနေနဲ့တော့ အပျက်အစီးတွေကို အများကြီးမြင်တွေ့ရမှာ မဟုတ်ပေမယ့် လမ်းတွေထဲဝင်လိုက်တဲ့အခါမှာ မြို့ပျက်ကြီးလို ဖြစ်နေပြီး အပျက်အစီးအရမ်းများတယ်လို့သိရပါတယ်။ ဒေသခံတွေအနေနဲ့ လမ်းမပေါ်မှာပဲ နေထိုင်နေရတယ်လို့ သိရပါတယ်။
မတ်လ ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းတို့မှာ ထိခိုက်သေဆုံးမှု အများအပြားရှိနေခဲ့ပြီး အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကောက်ယူထားတဲ့စာရင်းများအရ စစ်ကိုင်းတိုင်းမှာ သေဆုံးသူ ၃၀၀ ကျော်အထိ ရှိလာနေပြီလည်း ဖြစ်ပါတယ်။
ပိတ်မိနေသူတွေကို ကယ်ဆယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ်ကို မြန်မာအလုပ်သမားကိုယ်စားလှယ် တောင်းဆို
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချက်တူချက်အနီးက ဆောက်လုပ်စအဆောက်အအုံ ပြိုကျမှုအတွင်း ပိတ်မိကျန်ရှိနေသူတွေကို ဆက်လက်ကယ်ဆယ်ပေးဖို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကို မြန်မာအလုပ်သမားတစ်ဦးက တောင်းဆိုခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။

မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အထပ် ၃၀ မြင့် ဆောက်လုပ်စ အဆောက်အအုံ ပြိုကျမှုအတွင်း သေဆုံးသူ ၁၈ ဦးအထိရှိလာပြီး ပျောက်ဆုံးနေသူ ၇၀ ခန့်အထိ ရှိနေတယ်လို့လည်း သိရပါတယ်။
ငလျင်ဒဏ်ကြောင့် ပြိုကျခဲ့တဲ့အဆောက်အအုံနေရာကို ပေထုန်တန် ဒီနေ့ တနင်္လာနေ့ နေ့လည်ပိုင်းမှာ သွားရောက်ချိန် မြန်မာအလုပ်သမားကိုယ်စားလှယ်တစ်ဦးက ပိတ်မိနေတဲ့ မြန်မာအလုပ်သမားတွေ ဆက်လက်ကယ်ဆယ်ပေးဖို့ ဒူးထောက်အရိုအသေပြု တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာအလုပ်သမားကိုယ်စားလှယ်တစ်ဦးရဲ့ တောင်းဆိုမှုနဲ့ပတ်သက်ပြီး ထိုင်းဝန်ကြီးချုပ်က ကယ်ဆယ်ရေးလုပ်ငန်းတွေကို အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြောင်းနဲ့ ပြိုကျအဆောက်အအုံအတွင်း ပိတ်မိနေသူတွေကို ဘယ်သူဘယ်ဝါ မခွဲခြားဘဲ ကယ်ဆယ်ရေးလုပ်ဆောင်နေကြောင်းကိုလည်း ပြန်လည်အားပေးပြောကြားခဲ့ပါတယ်။
ပိတ်မိနေသူတွေကို ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတာ ၇၂ နာရီထိရှိလာပြီး အဆောက်အအုံပျက်အတွင်း အသက်ရှင်ကျန်နေသူတွေကို ဆက်လက်ရှာဖွေကယ်ဆယ်နိုင်မယ်လို့ မျှော်လင့်ကြောင့် ဘန်ကောက်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် Chadchart Sittipunt ကလည်း သတင်းထောက်တွေကို ပြောပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေကိုလည်း ဆေးဝါးကုသမှုပေးထားပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေနဲ့အတူ တူရကီ၊ အစ္စရေး စတဲ့ ပြည်ပနိုင်ငံတွေကနေ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ပူးပေါင်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သကျဓီတာသီလရှင်စာသင်တိုက်ပြိုကျမှုအတွင်း ပဓာနနာယကဆရာတော်နဲ့အလှူရှင်တွေအပါအဝင် ၉ ဦးသေဆုံး
အခုလ ၂၈ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းမြို့ရှိ သကျဓီတာသီလရှင်စာသင်တိုက် ကျောင်းဆောင်နှစ်ခုနဲ့ ဆွမ်းစာဆောင်သုံးဆောင်လုံးဝပြိုကျပြီး ၈ဆောင် အက်ကွဲပျက်စီးမှုဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီပြိုကျအက်ကွဲမှုတွေအတွင်းမှာ ပဓာနနာယကဆရာကြီးဘုရား ၁ ပါး၊ အကျိုးဆောင်နာယက စာချဆရာ ၂ ပါး၊ စာသင်သား ဆရာလေး ၃ ပါး၊ ကျောင်းအစ်မအလှူရှင် ၃ ဦးတို့ စုစုပေါင်း ၉ ဦး သေပျောက်ပျက်စီးမှုရှိခဲ့တယ်လို့ သကျဓီတာသီလရှင်စာသင်တိုက်က ဒီနေ့ မတ်လ ၃၁ရက်မှာ အသိပေးကြေညာပါတယ်။

ဒါ့အပြင် ကျောင်းတိုက်နာယကဆရာကြီးလည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
“တိုက်အုပ်နာယကဆရာကြီးဘုရား ဒေါ်ပဝနထေရီနှင့် ဒေါ်ကုသလဝတီ ၂ ပါး ဒဏ်ရာပြင်းထန်စွာရရှိမှုများအတွက်(အသက်အန္တရာယ်စိုးရိမ်ဖွယ်မရှိ) လက်ရှိဆေးကုသမှုခံယူလျှက်ရှိနေပါသည်။ ကျန်ရှိဆရာလေးများအားလုံး ဘေးအန္တရာယ် ကင်းရှင်းလုံခြုံကြပါသည်”လို့ သကျဓီတာသီလရှင်စာသင်တိုက်က ပြောထားပါတယ်။
အင်တာနက် ဖုန်းလိုင်းအခက်အခဲကြောင့် သတင်းထုတ်ပြန်မှုကြန့်ကြာနေတာဖြစ်ပြီး ဇမ္ဗူဒီပစာကြည့်တိုက်နဲ့ ခိုင်ယဉ်နာယကစံကျောင်းဆောင်၊ ဇေတဝန်ဆွမ်းစားဆောင် ၃ဆောင် လုံးဝပြိုကျပျက်စီးပြီး ဘုရား ၂ ဆူနဲ့ ကျန်ကျောင်းဆောင် ၈ ဆောင် အက်ကွဲပျက်စီးကာ အားလုံးဟာ နေထိုင်ဖို့အန္တရာယ်ရှိတဲ့အနေအထားတွေဖြစ်နေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
လက်ရှိမှာ ပြန်လည်ထူထောင်ရေးအတွက် ဖွဲ့စည်းပုံတွေပုံမှန်ပြန်လည်လည်ပတ်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း ဖော်ပြထားပါတယ်။
ငလျင်ဒဏ်သင့် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှာ လက်ရှိအချိန်ထိကူညီကယ်ဆယ်ရေးတွေ အားနည်းနေဆဲဖြစ်ပြီး အရေးပေါ် အကူအညီတွေလိုအပ်နေဆဲဖြစ်ပါတယ်။
မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ရဲ့ မတ်လ ၃၀ရက်နေ့ ထုတ်ပြန်ချက်မှာတော့ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTVစတဲ့ ပြိုကျအဆောက်အဦးပျက်စီးမှုတွေ အောက်ကနေ (၃၆)ဦးကို ကယ်ထုတ်ထားနိုင်၊ (၈၈)ဦး ရုပ်အလောင်းတွေ့ရှိထားတယ်လို့ ဖော်ပြပါတယ်။
စစ်ကိုင်းရောက်နေတဲ့ မလေးရှားအဖွဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေ

မလေးရှား ကယ်ဆယ်ရေးတပ်ဖွဲ့ MAS -01 ဟာ ရှာဖွေကယ်ဆယ်ရေးအတွက် မြန်မာနိုင်ငံ စစ်ကိုင်းမြို့ မှာရောက်ရှိနေပါပြီ။ ငလျင်အပြီး ၄ ရက်မြောက်နေ့မှာ စစ်ကိုင်းကို ပထမဆုံး ရောက်လာတဲ့ နိုင်ငံတကာအဖွဲ့ဝင်လာတာဖြစ်ပါတယ်။
မလေးရှားနိုင်ငံငံ က စေလွှတ်လိုက်တဲ့ SMART Team MAS-01 တပ်ဖွဲ့ဟာ ပိတ်မိနေတဲ့သူတွေကို အထူးကိရိယာတွေအသုံးပြုပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် အတွေ့အကြုံရင့်တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ် ပါတယ်။အဆိုပါတပ်ဖွဲ့မှာ ဆေးဖက်ဆိုင်ရာဆရာဝန်တွေ၊ ကျွမ်းကျင်တွေလည်း အဖွဲ့ ဝင်အဖြစ်လိုက်ပါလာပါတယ်။
မလေးရှားရှာဖွေရေးနှင့်ကယ်ဆယ်ရေးအထူးတပ်ဖွဲ့ SMART Team MAS-01 နှင့်အတူ ၅တန်လောရီကားနှစ်စီး၊ ဟိုင်းလက်စ်ကားတစ်စီးအပြင် ကူညီကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်း တန် ၃၀ ခန့်ကိုလည်း သယ်ဆောင်လာတယ်လို့ သိရပါတယ်။
အဆောက်အဦးအောက် နာရီ၆၀ကျော်ကြာပိတ်မိနေတဲ့ ကိုယ်ဝန်၅လနဲ့ အမျိုးသမီးတစ်ဦး ကို စုပေါင်းကယ်တင်နိုင်ခဲ့
မန္တလေးမြို့ Great Wall Hotel အဆောက်အအုံအောက်မှာပိတ်မိနေတဲ့ ကိုယ်ဝန်၅လခန့်နဲ့ မအေးအေးမိုး ဆိုတဲ့အမျိုးသမီးတစ်ဦးကို ဒီနေ့ မတ်လ၃၁ရက်နေ့ မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ အဆောက်အဦးအောက်ပိတ်မိနေတဲ့ မအေးအေးမိုးကို နာရီ၆၀ကျော်အကြာမှာ ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒီရှာဖွေကယ်ဆယ်မှုကို မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့ဝင်များ၊ ရုရှားနိုင်ငံက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်တွေ တရုတ်နိုင်ငံက ရှာဖွေကယ်ဆယ်ရေးတ ပ်ဖွဲ့ဝင်တွေနံါ မြန်မာနိုင်ံငံမီးသတ်တ ပ်ဖွဲ့ဝင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။
Comments