top of page

မတ်လ ၃၀ ရက်နေ့ ငလျင်သတင်း စုစည်းမှု

  • BVJ
  • Apr 5
  • 1 min read

မြန်မာပြည် ငလျင်ဘေးအတွက် ‌စတာလင်ပေါင် ၁၀သန်း ယူကေအစိုးရ ကူညီဖို့ရှိ


မြန်မာပြည်က ငလျင်ဘေးမှာအသုံးပြုဖို့ စတာလင်ပေါင်၁၀သန်း ကူညီဖို့ စီစဥ်ထားကြောင်း ယူကေအစိုးရက မတ်၂၉ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။



ယူကေအစိုးရက ကူညီမယ့် ပေါင်၁၀သန်း ကို ငလျင်လှုပ်ခတ်မှု အပြင်းထန်ဆုံးခံရတဲ့ ဒေသတွေအတွက် လိုအပ်နေတဲ့ အစားအစာ၊ ရေထောက်ပံ့မှု၊ ဆေးဝါးနဲ့ အမိုးအကာတွေရရှိရေးမှာ အသုံးပြုသွားမယ်လို့ သိရပါတယ်။


အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကလဲ မြန်မာနိုင်ငံ ငလျင်ဘေးအတွက် အကူအညီပေးဖို့ရှိတယ်လို့ တနေ့က အိမ်ဖြူတော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်လင်းပွဲ မှာ ပြောကြားခဲ့ပါတယ်။ဒါပေမယ့် ဘယ်လောက်ကူညီမယ် ဘယ်လိုကူညီမလဲဆိုတာတော့ အခုထိမသိရသေးပါဘူး။ 


ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ယူရို ၂ ဒသမ ၅ သန်း (ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်) အကူအညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ဒီနေ့ မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြန်မာပြည် ငလျင်ဘေးအတွက် တရုတ်အစိုးရက ယွမ် ၁၀၀ သန်း တန်ဖိုးရှိသော အရေးပေါ် လူသားချင်း စာနာမှု အကူအညီများ ပံ့ပိုးပေးမည်လို့ မတ်လ ၂၉ ရက်နေ့မှာ တရုတ် မြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။ 


လက်ရှိအချိန် ငလျင်ဒဏ်ခံရတဲ့ဒေသတွေမှာ အရေးပေါ်ကူညီကယ်ဆယ် ရေးလိုအပ်နေပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အကူအညီတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အကူအညီ အထောက် အပံ့တွေ အတားအဆီးအပိတ်အပင်မရှိဘဲ နိုင်ငံအနှံ့အပြားရောက်ရှိနိုင်ဖို့က အရေးကြီး တယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။


 

အင်အားပြင်းငလျင်ကြောင့် အင်းလေးဒေသမှာ သေဆုံးသူ ၅၀ ကျော်ရှိလာ


စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသက အရပ်သားပြည်သူ ၅၀ ကျော် သေဆုံးခဲ့ပြီး လူနေအိမ်တွေနဲ့ ရှေးဟောင်းစေတီပုထိုးအချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျပျက်စီးခဲ့တဲ့ ညောင်ရွှေမြို့နယ် အင်းလေးဒေသ အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အင်းလေးလူထုလှုပ်ရှားမှု)
ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျပျက်စီးခဲ့တဲ့ ညောင်ရွှေမြို့နယ် အင်းလေးဒေသ အဆောက်အအုံတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ - အင်းလေးလူထုလှုပ်ရှားမှု)

မနေ့ မတ်လ ၂၉ ရက်ညနေပိုင်းအထိ အင်းလေးလူထုလှုပ်ရှားအဖွဲ့က ကောက်ယူထားတဲ့ စာရင်းများအရ အင်းလေးဒေသဝန်းကျင်ရှိ အဆောက်အအုံ ၁၉၇၂ လုံး ထိခိုက်ပျက်စီးခဲ့ကာ မွေးဖွားပြီးကာစ ကလေးနဲ့ အသက် ၅ နှစ်အောက်ကလေးအပါအဝင် အရပ်သားပြည်သူ ၅၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မြောက်အင်း (ညောင်ရွှေဘက် အင်းလေးဒေသ)ဘက်မှာ အများဆုံး ထိခိုက်သေဆုံးတယ်ကြားတယ်၊ ဒီဘက်မှာဆို စံကားရွာဘက်က ရှေးဟောင်းစေတီတချို့လည်း ထိခိုက်ပျက်စီးတယ်။ ပြီးတော့ ဘုရားနီဘက်မှာလည်း စာဖြေသံဃာတွေရှိတယ်။ ငလျင်လှုပ်တဲ့အချိန် အဲ့မှာ သံဃာတွေ စာဖြေနေတုန်းဖြစ်တာ”လို့ စံကားရွာ ဒေသခံတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။


ငလျင်လှုပ်ခတ်မှုအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသနဲ့ စံကားအင်းဒေသတွေဘက်မှာ ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးမှုတွေရှိနေတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဒေသလူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ဆောင်ရွက်နေသလို အရေးပေါ်စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။


မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ပဲခူးနဲ့ အခြားဒေသတွေမှာ သေဆုံးသူ ၁၆၀၀ ကျော်အထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၃၄၀၀ ကျော်ရှိလာကာ ပျောက်ဆုံးနေသူ ၁၄၀ နီးပါးအထိ ရှိလာတယ်လို့ မြန်မာနောင်းသတင်းဌာနက ဖော်ပြထားပါတယ်။


ငလျင်ဒဏ်ကြောင့် ထိခိုက်သေဆုံးသူအရေအတွက်ကို မတ်လ ၂၉ ရက်မှာ မနက်ပိုင်းမှာ စစ်ကောင်စီက နောက်ဆုံးထုတ်ပြန်ခဲ့ပြီး အခုချိန်အထိ ထပ်မံထုတ်ပြန်လာတာမျိုးတော့ မရှိသေးပါဘူး။


 

ပြိုကျအဆောက်အဦးအောက် ၄၄ နာရီကြာပိမိနေသူတစ်ဦးကို ကယ်ထုတ်လာနိုင်


ငလျင်လှုပ်ခတ်မှုကြောင့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းရပ်ကွက်၊ သစ္စာ(၂)လမ်းရှိ ပြိုကျပျက်စီးခဲ့နေတဲ့ အဆောက်အဦအောက်မှာပိတ်မိနေတဲ့ အမျိုးသားတစ်ဦးကို မီးသတ် မီးသတ်ဦးစီးဌာန ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စင်္ကာပူနိုင်ငံရောကလာတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ ဒီနေ့ မတ်လ ၃၀ရက် မနက် ၉း၂၀အချိန်မှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပါတယ်။


အင်အား ၇.၇ရှိတဲ့ ငလျင်ကြီးဟာ မတ်လ ၂၈ရက် နေ့လယ် ၁၂း၅၂နာရီအချိန်မှာလှုပ်ခတ်ပြီး အဆောက်အအုံပြိုကျပျက်စီးမှုအောက် နာရီပေါင်း ၄၄နာရီကြာ နေခဲ့ရပြီးနောက် ကယ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။


 

ပျော်ဘွယ်မြို့ ပြိုကျအဆောက်အဦတွေအောက်က အသက်ရှင်နေသူ ၃၃ဦးကို ဒီနေ့မနက် ကယ်ထုတ်နိုင် 

ပျော်ဘွယ်မြို့ ပြိုကျအ‌ဆောက်အဦအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေပုံ(ဓါတ်ပုံ-MFS)
ပျော်ဘွယ်မြို့ ပြိုကျအ‌ဆောက်အဦအတွင်း ပိတ်မိနေသူများကို ကယ်ထုတ်နေပုံ(ဓါတ်ပုံ-MFS)

အခုလ ၂၈ရက်နေ့လယ်ကလှုတ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့ရှိ ကမ္ဘောဇဘဏ်အဆောက်အဦနဲ့ မြင်းဘက်ရပ်ကွက်အတွင်း နေအိမ်တွေပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေသူတွေထဲက (၃၃)ဦးကို ဒီနေ့ မတ်လ ၃၀ရက်မနက်ပိုင်းမှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် သေဆုံးသူတစ်ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိမှာရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ သိရပါတယ်။


 

ငလျင်ဒဏ်ခံနေရချိန် စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုလုပ်ရပ် အလွန်ဆိုးရွားဟု ကုလ ပြော


မတ်လ ၂၈ ရက် အင်အားပြင်းငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာ စစ်ကောင်စီက စစ်ကိုင်း၊ မကွေးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းအပါအဝင် ဒေသအချို့ကိုလေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် ဒီလုပ်ရပ်ဟာ အလွန်ဆိုးရွားလွန်းပြီး လက်သင့်ခံစရာနိုင်စရာအခြေအနေလုံးဝမရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ်အင်ဒရူးစ်က ဝေဖန်ပြောကြားလိုက်ပါတယ်။


ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မြန်မာနိုင်ငံတဝှမ်းထိခိုက်သေဆုံးမှုတွေ ကြုံနေရချိန်မှာ စစ်ကောင်စီက ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်၊ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နဲ့ မကွေးတိုင်း ကမ္မမြို့နယ်တို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တွေ လုပ်ဆောင်နေတာဖြစ်ပါတယ်။ 


ငလျင်ဒဏ်ကြောင့်ဒေသအနှံ့က လူပေါင်း ၁၆၀၀ ကျော် သေဆုံးထားပြီး ရှာဖွေကယ်ဆယ်ရေးတွေဆက်လုပ်နေတာကြောင့် သေဆုံးမှုနှုန်းတွေလည်းဆက်လက်မြှင့်တက်နေချိန်မှာပဲ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူတွေ ပိုများလာရပါတယ်။


“ငလျင်ကြောင့် ထိခိုက်ဒဏ်ရာရ ပြည်သူတွေကို ကယ်ဆယ်နေချိန် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်နေတာဟာ မယုံကြည်နိုင်လောက်အောင် ဖြစ်ရပါတယ်။ စစ်ကောင်စီအပေါ် ဩဇာလွှမ်းမိုးနိုင်တဲ့ ဘယ်သူမဆို ဒီလုပ်ရပ်ဟာ လုံးဝလက်သင့်ခံနိုင်စရာ မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောဆိုသင့်ပါတယ်” လို့ တွမ်အင်ဒရူးစ်က ဘီဘီစီသတင်းဌာနကို ပြောကြားထားပါတယ်။


စစ်ကောင်စီအနေနဲ့ လက်ရှိစစ်ဆင်ရေးတွေအားလုံးကို ရပ်တန့်ထားဖို့ကိုလည်း တောင်းဆိုကြောင်း တွမ်အင်ဒရူးက ဆက်ပြောပါတယ်။ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုအပြီး သုံးနာရီဝန်းကျင်အကြာမှာ စစ်ကောင်စီက နောင်ချိုမြို့နယ် နောင်လင်ရွာ၊ ကမ္မမြို့နယ်နဲ့ ချောင်းဦးမြို့နယ်တို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ (၂)ဦး သေဆုံးကာ (၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) က အမျိုးသမီးရဲဘော် (၆)ဦးနဲ့ အမျိုးသား တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ပါသေးတယ်။


အင်အားပြင်းငလျင်ဘေးဒဏ်ကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီနေ့ မတ်လ ၃၀ ရက်ကစတင်ပြီး နှစ်ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်မှုကို ရပ်နားထားမယ်လို့ ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုတို့နဲ့ပတ်သက်ပြီး ထုတ်ပြန်ကြေညာလာတာမျိုး မရှိသေးပါဘူး။


 

မိခင်နဲ့ကလေးငယ်တစ်ဦး


အခုလ ၂၈ရက် နေ့လယ်က လှုပ်ခတ်သွားတဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄x၂၉)လမ်းထောင့်ရှိ ဘီကျင်းဟိုတယ် အဆောက်အအုံပြိုကျပျက်စီးမှုအတွင်း ပိတ်မိနေတဲ့ မိခင်နဲ့ကလေးငယ်တစ်ဦးကို မီးသတ်တပ်ဖွဲ့နဲ့ကယ်ဆယ်ရေးအဖွဲ့တွေက မတ်လ ၂၈ ရက်မှာ အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြောင်းကို ဒီနေ့ မတ်လ ၃၀ရက် မနက်မှာ အသိပေးထားပါတယ်။ 



 

 တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယအဖွဲ့တွေ ငလျင်ကူညီကယ်ဆယ်ရေးစတင်နေ


ငလျင်ဒဏ်သင့်ဒေသတွေကို ကူညီကယ်ဆယ်ရေးအတွက် တရုတ်၊ ဟောင်ကောင်၊ စင်ကာပူ၊ အိန္ဒိယက ကူညီကယ်ဆယ်‌ရေးအဖွဲ့တွေရောက်ရှိနေပြီး ဒီနေ့မနက်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီလို့ သိရပါတယ်။


မန္တလေးမြို့ ဦးလှသိန်းသာသနာ့ဗိမာန်အဆောက်အဦ ပြိုကျပျက်စီးတဲ့နေရာမှာ မီးသတ်တပ်ဖွဲ့ဝင် (၅၅)ဦးနဲ့အတူ ဟောင်ကောင် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀ ( ၂၃ နှင့် ၂၄ လမ်းကြား) ရှိ Sky Villa ကွန်ဒို ပြိုကျပျက်စီးတဲ့နေရာမှာ မီးသတ်တပ်ဖွဲ့ဝင် အယောက် (၅၀)နဲ့အတူ တရုတ်နိုင်ငံတပ်ဖွဲ့ဝင်တွေ၊ ၇၈ လမ်းပေါ်က Great Wall Hotel အဆောက်အဦ ပြိုကျပျက်စီးတဲ့နေရာမှာ မီးသတ်တပ်ဖွဲ့ဝင် (၃၅)ဦးနဲ့အတူ အိန္ဒိယနိုင်ငံ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သပြေကုန်းရပ်ကွက်မှာ စင်္ကာပူကယ်ဆယ်ရေးအဖွဲ့တွေဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။


ငလျင်ကယ်ဆယ်ရေးအတွက် တရုတ်နိုင်ငံကရောက်လာတဲ့ ယူနန်ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဒုတိယစစ်ခေါင်း‌ဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့အဖွဲ့ကလည်း ဒီနေ့မနက် ၁၀နာရီမှာ သွားတွေ့ဆုံအားပေးခဲ့ပြီး ငလျင်အပြီး အချိန်မီရောက်ရှိ ကူညီမှုအတွက်ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ထုတ်ပြန်ပါတယ်။


အခုလ ၂၈ရက် နေ့လယ်မှာ အင်အား ၇.၇ရှိ ငလျင်ကြီးဟာ စစ်ကိုင်းနဲ့မန္တလေးကို ဗဟိုပြု လှုပ်ခတ်ခဲ့တာကြောင့် အထိနာခဲ့တဲ့ဒေသတွေဖြစ်တဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့ကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကကြေညာထားပါတယ်။

ကူညီကယ်ဆယ်ရေးတွေ လုပ်နေကြပေမယ့် အဆောက်အဦး၊ အထပ်မြင့်တိုက်တွေအောက် ပိမိ၊ပိတ်မိနေသူတွေထဲက သေဆုံးသူတွေကိုမသယ်ထုတ်နိုင်တာတွေလည်း ရှိနေ‌သေးတာကြောင့် ဒီနေ့မှာ အပုတ်နံ့တွေစထွက်နေပြီလို့ စစ်ကိုင်းနဲ့ မန္တလေး ဒေသခံတွေက ပြောကြပါတယ်။


 

 ငလျင်ဒဏ်သင့်မြန်မာနိုင်ငံအတွက် ထိုင်းကအခမဲ့ဖုန်းခေါ်ဆိုခွင့်ပြု


အင်အားပြင်းငလျင်ဒဏ်သင့် မြန်မာနိုင်ငံအတွက် ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုအခမဲ့ဖုန်းခေါ်ဆိုခွင့်ကို အခုလကုန် (မတ်လ ၃၁ရက်)အထိ ခွင့်ပြုထားပါတယ်။


အခမဲ့ဖုန်းခေါ်ဆိုခွင့်အစီအစဉ်ကို Thai National Telecomက စီစဉ်ပေးတာဖြစ်ပြီး ထိုင်းနိုင်ငံကဘယ်ဖုန်းနံပါတ်အမျိုးအစားမဆို မြန်မာနိုင်ငံကို ခေါ်ယူလို့ရပြီး ခေါ်ယူမယ်ဆိုပါက 001 800 001ကို ခေါ်ဆိုပြီး ထိုင်းဘာသာစကားနဲ့ အလိုအလျောက်ဖြေကြားသံ(IVR)ကြားရင် 009 95 နောက်ကနေ ခေါ်ဆိုလိုတဲ့ ဖုန်းနံပါတ်ထည့်ပြီး အခမဲ့ခေါ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဒါပေမယ့် လက်တွေ့မှာ စမ်းသပ်ခေါ်မှုတွေလုပ်ခဲ့ကြပေမယ့် ခေါ်ဆိုလို့မရသူအများအပြားရှိနေပြီး ဒါဟာ ခေါ်ဆိုသူများပြားတာကြောင့်လိုင်းကြပ်ခြင်း၊ ခေါ်လို့ရပြီး မဝင်တာက မြန်မာဘက်က တာဝါတိုင်တွေ မီးမလာလို့ လိုင်းမရတာတွေကြောင့်ဖြစ်နိုင်ကြောင်းလည်း ပြောထားကြပါတယ်။


 

မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်းအပါအဝင် စစ်ကိုင်းမြို့ပြိုကျအဆောက်အဦးတွေအောက်က ၃၆ ဦးကို ကယ်ထုတ်ထားနိုင်၊ ၈၈ဦး ရုပ်အလောင်းတွေ့ရှိထား


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မျက်မမြင်ကျောင်း၊ သီလရှင်ကျောင်း၊ လူနေအိမ်တွေ၊ ရင်ခွင်သစ် KTV၊ ပိုးတန်းရပ်ကွက်ရှိ ပညာရေးကောလိပ်၊ (အ.ထ.က)(၁)စာသင်ကျောင်း၊ စွယ်တော်နန်းတည်းခိုခန်း၊ တိုးတက်ဝေကွန်ပျူတာဆိုင်၊ ချင်းစုရပ်ကွက်ရှိ မြတ်ကိုယ်ပိုင်ကျောင်း၊ မင်းလမ်းရပ်ကွက်ရှိ မြို့မဗလီ၊ မိုးကျဗလီ၊ မွှေးကြူအအေးဆိုင်၊ စက်ချုပ်ဆိုင်၊ စိန်ကုန်းရပ်ကွက်ရှိ လေးကျွန်းမြေအုတ်ကျောင်း၊ ကုန်မာဆိုင်၊ မိုးဇာရပ်ကွက်ရှိ ခရိုင်ပြန်ဆက်ရုံး၊ ဇေယျာကွက်သစ်ရပ်ကွက်ရှိ အင်ကြင်းပင်ကျောင်း၊ တကောင်းရပ်ကွက်ရှိ နေလဂျုံစက်၊ ဆေးရွက်ကြီးပွဲရုံ၊ မြို့သစ်ရပ်ကွက်ရှိ သီလရှင်ကျောင်း၊ သကျမိတာစာသင်တိုက်နဲ့ သောတာပန်ရပ်ကွက်ရှိ ထွဋ်ခေါင်ကျောင်း၊ ရတနာသိင်္ခစာသင်တိုက်၊ ဇမ္ဗူဒီပကျောင်းတိုက်၊ တိုက်ဝါကြီးဘုန်းတော်ကြီးကျောင်းတိုက်တို့မှာ ငလျင်ကြောင့် ပြိုကျအဆောက်အအုံတွေအတွင်း ပိတ်မိ၊ ပိမိနေသူတွေကို ရှာဖွေကယ်ဆယ်‌ရေးပြုလုပ်နေတာမှာ စတင်ဖြစ်ပွားချိန်ကနေ ဒီနေ့မနက်အထိ အသက်ရှင်ရင် (၃၆)ဦးကိုကယ်ထုတ်နိုင်ပြီး သေဆုံးနေသူ (၈၈)ဦးရဲ့ ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိခဲ့ပြီး ဖြစ်တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့ မတ် ၃၀ရက် နေ့လယ်မှာ ထုတ်ပြန်ပါတယ်။


 

စင်ကာပူကယ်ဆယ်ရေးအဖွဲ့က ပိတ်မိနေတဲ့လူတစ်ဦးကို ကယ်ထုတ်နိုင်ခဲ့


ဒီနေ့၃၀ရက်နေ့ မနက်ပိုင်းမှာ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်ထဲက အဆောက်အဦးတစ်ခုအောက်မှာပိတ်မိနေတဲ့ သူတစ်ယောက်ကို စင်ကာပူကယ်ဆယ်ရေးအဖွဲ့က ကယ်တင်နိုင်လိုက်ပါတယ်။ ကယ်ဆယ်မှုကို ၈နာရီကြာပြုလုပ်ခဲ့ရတယ်လို့ စင်ကာပူကယ်ဆယ်ရေးအဖွဲ့ SDC ကထုတ်ပြန်ပါတယ်။ 


အဖွဲဲ့ဝင်၈၀ပါတဲ့ Singapore Civil Defence Force ကယ်ဆယ်ရေးအဖွဲ့ မှာ ဆရာဝန်တွေအပြင် ကယ်ဆယ်ရှာဖွေရေးအထူးကျွမ်းကျင်သူတွေနဲ့အတူ ကယ်ဆယ်ရေးအတွက် အထူးလေ့ကျင့်ထားတဲ့ ခွေး၄ကောင်လဲ ပါလာပါတယ်။


 

ငလျင်ဒဏ်သင့်တဲ့သူတွေ ရင်ဖွင့်ဆွေးနွေးလို့ရမယ့် အစီအစဉ်တစ်ခု Jue Jue’s Safe Spaceက စီစဉ်ပေးထား


လတ်တလော ဖြစ်ပေါ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် စိတ်ထိခိုက်ခံစားနေရတဲ့သူတွေ ရင်ဖွင့်တိုင် ပင်နိုင်ပြီး စိတ်ထိခိုက်ခံစားမှုတွေ ပြေလျော့အောင် ဆွေးနွေးပေးမယ့် အစီအစဉ်တစ်ခုကို ဖန်တီးပေးထားတဲ့အကြောင်း Jue Jue’s Safe Space က ထုတ်ပြန်ထားပါတယ်။ 



မတ်လ ၂၈ ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းငလျင်အပြီးမှာ ငလျင်ဒဏ်ကြောင့် စိတ်ထိခိုက် ခံစားခဲ့ရတဲ့သူတွေအတွက်ရည်ရွယ်ပြီး မတ်လ ၃၀ ရက်နေ့ မနက်ပိုင်းမှာ Disaster Distress Helpline ကို စတင်ဖွင့်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ 


“ဒီ Helpline ကို ငလျင်ဒဏ်ကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားခဲ့ရသူတွေ အသက်ရှင်ကျန်ရစ်တဲ့သူတွေရဲ့ စိတ်မွန်းကြပ်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ မိသားစုတွေရဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျော့ပေးနိုင်ဖို့အတွက်ရည်ရွယ်ပြီး ဒီ Helpline ကို ဖွင့်ခဲ့တာဖြစ်ပါတယ်” လို့ Jue Jue’s Space Space အဖွဲ့အစည်း တည်ထောင်သူ ဆရာမ ဂျူးဂျူးမင်းသူက Burma VJ ကိုပြောပါတယ်။


Disaster Distress Helpline ကို ထိုင်းနဲ့မြန်မာနယ်စပ်က ထိခိုက်ခံစားရတဲ့သူတွေအပြင် အခြားနိုင်ငံ အသီးသီးက ထိခိုက်ခံစားခဲ့ရတဲ့သူတွေလည်း ဒီအစီအစဉ်ကို ၂၄ နာရီ ၇ ရက်ပတ်လုံး ဘယ်အချိန်ဖြစ်ဖြစ် ယူနိုင်ပြီး စေတနာ့ဝန်ထမ်း ၂၀၀၀ ကျော်က ပါဝင်အားဖြည့် ကူညီပေးထား တယ်လို့ သိရပါတယ်။

“သဘာဘေးအန္တရာယ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့သူတွေ နွေးထွေးလုံခြုံတဲ့ နေရာလေးတစ်ခုမှာ ရင်ဖွင့်ဆွေးနွေးလို့ရပြီးတော့ ဒီ Helpline ရဲ့ အကူအညီကို ယူပြီးရင် စိတ်ထဲကမွန်းကြပ်မှုတွေ ပြေလျော့ပြီးတော့ နောင်ရှေ့ဆက်ဖို့အတွက် ခွန်အားတွေရှိလာနိုင်မှာပါ။ ဒီအတွက် စိတ်ပိုင်းဆိုင်ရာ အကူအညီပေးနိုင်အောင် သင်တန်းပြီးမြောက်အောင်မြင်ထားပြီး အရည်အချင်းပြည့်မှီတဲ့ နိုင်ငံအသီးသီးက စေတနာ့ဝန်ထမ်းတွေကလည်း ပါဝင်အားဖြည့်ကူညီပေးပါတယ်။”လို့ ဆရာမဂျူးဂျူးမင်းသူက ဆက်လက်ပြောပါတယ်။


စိတ်ပိုင်းဆိုင်ရာထွက်ပေါက်ရအောင် ဆွေးနွေးလိုသူတွေအနေနဲ့ Jue Jue's Safe Space ရဲ့ page messenger မှာ အကူအညီရယူလိုတဲ့ အကြောင်းပြောလိုက်တာနဲ့ အကူအညီပေးနိုင်မယ့် ခွင့်ပြုချက်ကို ပေးပြီးသားဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအခါမှ Jue Jue’s Safe Space ရဲ့ volunteer တွေက Telegram ကနေ ဖုန်းခေါ်ဆိုပြီး နားထောင်၊ အကူအညီပေးမှာ ဖြစ်တယ်လို့သိရပါတယ်။


Jue Jue’s Safe Space က ၂၀၂၁ ခုနှစ်မှာ တရားဝင်ဖွဲ့စည်းထားခဲ့ပြီး အမေရိကန်နိုင်ငံက တရား ဝင်အသိအမှတ်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ စတင်ဖွဲ့စည်းချိန်ကတည်းကနေ လက်ရှိ အချိန်ထိ Suicide Prevention Helpline နှင့် Peer Support Helpline စတဲ့အစီအစဉ် တွေနဲ့ စိတ်ထိခိုက်ခံစားနေရတဲ့သူတွေကို ကူညီပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။


 

သြစတြေးလျကပေးအပ်မည့် ငလျင်ဘေးအကူအညီ စစ်ကောင်စီကို တိုက်ရိုက်ပေးအပ်မည် မဟုတ် 


မြန်မာနိုင်ငံအတွက်ပေးအပ်မယ့် ငလျင်ဘေးအကူအညီ ဒေါ်လာ၂သန်းကို စစ်အာဏာရှင်ကို တိုက်ရိုက်မပေးပဲ International Committee of the Red Cross (ICRC)က တစ်ဆင့် ပေးအပ်သွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံရုံးက ထုတ်ပြန်ပါတယ်။ 


“သြစတြေးလျ

အနေဖြင့် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းထံသို့ မည်သည့်တိုက်ရိုက် အကူအညီမှပေးအပ်ခြင်းမရှိသလို မြန်မာနိုင်ငံအတွက် မိမိတို့၏အကူအညီ များသည် စစ်အာဏာရှင် အဖွဲ့အစည်းကိုတရားဝင်စေမှုမဖြစ်စေရန် အသေအချာကြိုတင်ပြ င်ဆင်ဆောင်ရွက်ပါသည်” လို့ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျရဲ့ သံရုံး ရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ 


အထက်ပါထုတ်ပြန်ချက်ကို သြစတြေးလျအစိုးရ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပစိဖိတ်ရေးရာ ဝန်ကြီး Hon Pat Conroy နှင့်အတူ သြစတြေးလျသံရုံး ပူးတွဲထုတ်ပြန်တာဖြစ်ပါတယ်။ သြစတြေးလျရဲ့ အကူအညီဟာ ICRCအဖွဲ့ အနေနဲ့ အရေးပေါ်ကျ န်းမာရေးဆို င်ရာအကူအညီ များပေးအပ်ခြင်းအပါအဝင် အသက်က ယ်ဆယ်ရေးပံ့ပိုးမှုတွေချက်ချင်းလုပ်ဆောင်နိုင်စေရန် အထောက်အကူဖြစ်စေမယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။ 


အမိုးအကာ၊ အစားအစာနဲ့ သောက်သုံးရေလိုအပ်ချက်တွေ ချက်ခြင်းဖြည့်ဆည်းနိုင်ဖို့ UN Central Emergency Response Fund (CERF) က အမေရိကန်ဒေါ်လာ ၅ သန်းပေးအပ်ခြင်း ကိုလည်း သြစတြေးလျက ကြိုဆိုခဲ့ပြီး သူတို့ အကူအညီကနေ စစ်အာဏာရှင်အဖွဲ့ အစည်းကိုတရားဝင်စေမှုမဖြစ်စေရန် အသေအချာကြို တင်ပြင်ဆင်ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


 

မန္တလေးတိုင်း မတ္တရာမြို့အနီးမှာ ၅.၁ အဆင့်ရှိ ငလျင်ထပ်မံလှုပ်ခတ်ခဲ့


ဒီနေ့ မတ်လ ၃၀ ရက် နေ့လည် ၁ နာရီ ၃၈ မိနစ်ဝန်းကျင်က ရစ်ချ်တာစကေး ၅.၁ အဆင့်ရှိတဲ့ ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ ကမ္ဘာတစ်ဝန်း ငလျင်လှုပ်ခတ်မှုလေ့လာစောင့်ကြည့်ရေးအဖွဲ့ (USGS) က ထုတ်ပြန်ထားပါတယ်။


မန္တလေးမြို့ မြောက်ဘက်နဲ့ အနောက်မြောက် ၂၈ ကီလိုမီတာ (၁၇ မိုင်ခန့်အကွာ) မတ္တရာမြို့အနီးမှာ ငလျင်ထပ်မံလှုပ်ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျနေတဲ့ အဆောက်အအုံ တွေအနီး ကယ်ဆယ်ရေးလုပ်ဆောင်နေသူတွေ ယာယီရှောင်တိမ်းခဲ့ရတယ်လို့လည်း သိရပြီး ထပ်မံထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။


မတ်လ ၂၈ ရက်နေ့က ရစ်ချ်တာစကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်အပြီး ဒီနေ့ မတ်လ ၃၀ ရက် နေ့လည် ၃ နာရီခွဲအထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု အကြီးအသေး စုစုပေါင်း ၁၇၇ ကြိမ်အထိ ရှိနေပြီဖြစ်တယ်လို့လည်း ထိုင်းနိုင်ငံ မိုးလေဝသအချက်အလက်များကို ကိုးကားပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကလည်း ဖော်ပြထားပါတယ်။


ဒါပေမဲ့ စစ်ကောင်စီလက်အောက်ခံ မိုးလေဝဿနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကတော့ အင်အားပြင်းငလျင်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု ဒီနေ့ မနက် ၅ နာရီ ၄၁ မိနစ်အထိ စုစုပေါင်း ၂၈ ကြိမ်သာရှိသေးတယ်လို့ ထုတ်ပြန်ထားပါတယ်။


အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့ရတဲ့ဒေသတွေက အရပ်သားပြည်သူ သေဆုံးမှု ၂၀၀၀ ကျော်အထိရှိလာပြီး အဆောက်အအုံ၊ လမ်းတံတား၊ ရှေးဟောင်းစေတီပုထိုးနဲ့ ဘာသာရေးအဆောက်အအုံတွေ အများအပြား ပြိုကျပျက်စီးခဲ့ပြီး ပိတ်မိနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေကယ်ဆယ်နေဆဲလည်း ဖြစ်ပါတယ်။


 

ငလျင်ဘေးအတွက် ပြည်ပနိုင်ငံတွေရဲ့အကူအညီကို စစ်ကောင်စီက သူ့ကိုယ်ကျိုးအတွက် အသုံးချနိုင်တယ်လို့ KNU သတိပေး


ကုလသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတကာက ကူညီထောက်ပံ့တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို စစ်ကောင်စီက ၂၀၀၈ နာဂစ်မုန်တိုင်းတုန်းကလို သူ့အကျိုးစီးပွားအတွက် အသုံးချသွားနိုင်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီနေ့ မတ်လ ၃၀ ရက်မှာ သတိပေး ထုတ်ပြန်ထားပါတယ်။


အင်အားပြင်းငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေအတွက် နိုင်ငံတကာက ကူညီထောက်ပံ့မှုတွေ လုပ်ဆောင်ပေးနေချိန် စစ်ကောင်စီက ဒီအပေါ်မှာ အခွင့်ကောင်းယူပြီး နိုင်ငံရေးအမြတ်ထုတ်တာ၊ စစ်တပ်အကျိုးစီးပွားအတွက် အသုံးချတာမျိုးတွေ လုပ်ဆောင်မှာကို အနီးကပ်စောင့်ကြည့်သင့်တယ်လို့လည်း ဆိုပါတယ်။


အမေရိကန်၊ အင်္ဂလန်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ဩစတြေးလျနဲ့ အာဆီယံနိုင်ငံတွေအပါအဝင် နိုင်ငံတကာက ငလျင်ဘေးဒဏ် ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် ကယ်ဆယ်ရေးနဲ့ ကူညီထောက်ပံ့ရေးအတွက် ငွေကြေးနဲ့ လိုအပ်တဲ့ ဆေးဝါး၊ အစားအသောက်၊ သောက်ရေသန့်တို့ ပို့ဆောင်ပေးနိုင်ဖို့ လုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။


ငလျင်ဘေးဒဏ်ကြုံတွေ့နေရတဲ့ဒေသတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားပေမဲ့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေကတော့ တိုင်းရင်းသားနယ်မြေတွေနဲ့ တော်လှန်ရေးနယ်မြေတွေမှာ တိုက်ပွဲရပ်နားတာမျိုးမရှိဘဲ လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်လက်လုပ်ဆောင်နေတာတွေ ရှိနေပါတယ်။


ပြည်သူ တစ်သိန်းကျော် သေဆုံးခဲ့ပြီး အဆောက်အအုံအများအပြား ထိခိုက်ပျက်စီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတိုက်ခတ်ခဲ့စဉ်က စစ်ကောင်စီက နိုင်ငံတကာအကူအညီတွေကို ပိတ်ပင်ခဲ့သလို မဟာမိတ်နိုင်ငံတွေက ပေးအပ်ခဲ့တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို စစ်တပ်အကျိုးစီးပွားအတွက် အသုံးချခဲ့တာတွေ ရှိခဲ့ပါတယ်။ ဒါ့အပြင် နာဂစ်မုန်တိုင်းသင့်ဒေသတွေကို သွားရောက်ကူညီခဲ့တဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို မြန်မာစစ်အုပ်စု မတရားဖမ်းဆီး ထောင်ချခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

 

Comments


bottom of page