top of page

မတ်လ ၂၈ ရက် ငလျင်သတင်းစုစည်းမှု

  • BVJ
  • Apr 5
  • 1 min read

အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတံတားဟောင်း ပြိုကျ


စစ်ကိုင်းမြို့ကို ဗဟိုပြုပြီး ပြင်းအား ၇ ဒသမ ၇ အဆင့်ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်သွားပြီးနောက် စစ်ကိုင်းတံတားအဟောင်းပြိုကျပျက်စီးသွားတာကို တွေ့မြင်ရပါတယ်။


မြန်မာပြည်တွင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး ဒီနေ့မွန်းလွဲပိုင်းက အင်အား ၇ ဒသမ ၇ ရှိ အင်အားပြင်း ငလျင်တခုလှုပ်ခတ်သွားတယ်လို့ အမေရိကဘူမိဗေဒလေ့လာရေးဌာန (အမေရိကန်ငလျင်ဌာန USGS) က ထုတ်ပြန်ကြေညာပါတယ်။


ဒီနေ့ နေ့လယ် ၁၂နာရီ ၅၂မိနစ်အချိန်နဲ့ နောက်ထပ် မိနစ်အနည်းငယ်အကြာမှာ နောက်ထပ်တစ်ကြိမ် နှစ်ကြိမ်တိုင် အင်အားပြင်းထန်နဲ့ငလျင်လှုပ်ခတ်သွားတာကို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ သိသိသာသာခံစားလိုက်ကြရတယ်လို့ သိရပါတယ်။


ပြင်းထန်တဲ့ငလျင်ကြောင့် စစ်ကိုင်၊မန္တလေးနဲ့မကွေးတိုင်းတို့မှာ ထိခိုက်ပျက်စီးမှုများကြောင်း နဲ့ ထိုင်းနိုင်ငံတွင်းမှာလည်း အထပ်မြင့်တိုက်တွေပြိုကျပျက်စီးကြောင်း လတ်တလောသိရပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်အခြေအနေကိုတော့ မသိရသေးပါဘူး။ 


 

 

အင်အားပြင်းငလျင်ကြောင့် မန္တလေးနှင့်စစ်ကိုင်းတွင် အဆောက်အအုံ, ဟိုတယ်တွေပြိုကျပြီး ကူညီကယ်ဆယ်ရေးတွေ အရေးပေါ် လိုအပ်နေ


နေ့လယ် ၁၂နာရီ ၅၂မိနစ်နောက်ပိုင်းမှာ နှစ်ကြိမ်တိုင် အင်အားပြင်းထန် ငလျင် နှစ်ကြိမ်တိုင်လှုပ်ခတ်သွားတာကြောင့် မြန်မာနိုင်ငံတွင်း အဆောက်အအုံများနှင့် ဟိုတယ် အဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့ပါတယ်။


စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်ကို ဦးတည်လှုပ်ခတ်သွားတဲ့ အင်အား ၇ဒဿမ ၇ ငလျင်ကြောင့် စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းမှာ ထိခိုက်ပျက်စီးမှုအများဆုံးဖြစ်ပွားခဲ့ပြီး ပြိုကျပျက်စီးမှုတွေအတွင်း လူထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။


လက်ရှိမှာ အဆောက်အအုံတွေပြိုကျမှုအတွင်း ပိတ်မိနေသူတွေရှိတာကြောင့် အရေးပေါ်ကယ်ဆယ်ရေးတွေလည်း လိုအပ်နေတယ်လို့ ဒေသတွင်းနေထိုင်သူတွေဆီက သိရပါတယ်။


 

 

ငလျင်ကြောင့် ဝေဠုဝန်ကျောင်းတိုက်သိမ်ပြိုကျမှုအတွင်း စစ်ရှောင်ကလေးငယ် ငါးဦးသေဆုံး


ပဲခူးတိုင်း၊ တောင်ငူမြို့က စစ်ဘေးရှောင်တွေနေထိုင်တဲ့ ဝေဠုဝန်ကျောင်းတိုက် ငလျင်ဒဏ်ကြောင့် သိမ်ပြိုကျပြီး ကလေးငယ်တွေအပါအဝင် စစ်ဘေးတိမ်းရှောင်နေသူတွေ ပိတ်မိနေတာကြောင့် တောင်ငူပရဟိတ ကူညီကယ်ဆယ်ရေးအသင်းတွေက အရေးပေါ်ကယ်ဆယ်ရေးတွေ ပြုလုပ်နေရပါတယ်။


သိမ်ပြိုကျမှုအတွင်း အုတ်ကျိုးတွေပိမိနေတဲ့အထဲက လက်ရှိအချိန်ထိ ကလေးငယ် (၅)ဦးကို သေဆုံးလျက်အနေအထားနဲ့ ပြန်ထုတ်ထားပြီးဖြစ်ကြောင်း တောင်ငူအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရုံး T.E.R.T က သိရပါတယ်။


ဒီနေ့ မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ ၇ဒဿမ၇အင်အားရှိတဲ့ အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်ဆီးမှုတွေရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် အလွန်အားပြင်းတဲ့ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အအုံတွေထဲမှာ ဆက်မနေကြဖို့၊ ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှုရှိမရှိ စစ်ဆေးပြီး လိုအပ်ရင် ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့ အချို့ဒေသတွေမှာ ငလျင်ကြောင့် သဲအရည်ပျော်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။

 

 

 

အင်အားပြင်းငလျင်ဒဏ်ကြောင့် ဘန်ကောက် ဆောက်လုပ်စအဆောက်အအုံ ပြိုကျ၊ ၈၁ ဦးထက်မနည်း ပိတ်မိနေ


ငလျင်ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချာတူချက်မှာရှိတဲ့ ဆောက်လုပ်စ အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး အလုပ်သမား ၈၁ ဦးထက်မနည်း ပိတ်မိနေတယ်လို့ ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပြီး ၇ ဦးသာ လုပ်ငန်းခွင်အတွင်းကနေ လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။


အထပ် ၃၀ အမြင့်ရှိ ဆောက်လုပ်စအဆောက်အအုံ ပြိုကျခဲ့မှုကြောင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေကို ထိုင်းအစိုးရ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး အန္တရာယ်ကျရောက်ရာနေရာတွေကို ထောက်ပံ့ရေးအဖွဲ့တွေ ချက်ချင်းစေလွှတ်နေတယ်လို့လည်း သိရပါတယ်။


အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိုင်းနဲ့ မြန်မာနိုင်ငံတို့က အဆောက်အအုံအချို့ ပြိုကျပျက်စီးခဲ့ပြီး ဘန်ကောက်မြို့နေရာဝန်းကျင်ကို အရေးပေါ်ဒေသအဖြစ် သတ်မှတ်ကြောင်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ကလည်း ကြေညာခဲ့ကာ ပြည်သူတွေအတွက် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ အပြည့်အဝ ဆောင်ရွက်နိုင်အောင်ဖို့ကိုလည်း အမိန့်ထုတ်ပြန်ထားပါတယ်။


 

 

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့တိုင်း ခြောက်ခုကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကြေညာ

ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျပျက်စီးခဲ့တဲ့ နေပြည်တော် သပြေကုန်းဈေး
ငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျပျက်စီးခဲ့တဲ့ နေပြည်တော် သပြေကုန်းဈေး

အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးနောက် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့ကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီရဲ့ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြေညာလိုက်ပါတယ်။


၇ ဒဿမ ၇ အင်အားရှိတဲ့ အင်အားပြင်း ငလျင်ဟာ ဒီနေ့ ၁၂နာရီ ၅၁မိနစ်နောက်ပိုင်းမှာ လှုပ်ခတ်သွားပြီး နောက်ဆက်တွဲငလျင်ငယ် သုံးခုခန့်လည်း ထပ်လှုပ်တာကြောင့် အဲ့ဒီနေရာတွေဟာ ငလျင်ဒဏ်သင့်နေရာဒေသတွေဖြစ်တယ်လို့ စစ်ကောင်စီက အရေးပေါ် အခြေအနေကြေညာလာတာပါ။


အဲ့ဒီနေရာဒေသတွေက ပျက်စီးဆုံးရှုံးမှုတွေကို အလျင်အမြန် စစ်ဆေးပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောလျင်စွာဆောင်ရွက်မယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပေမယ့် ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးတဲ့ အဆောက်အဉီတွေအတွင်း ပိတ်မိနေသူတချို့ဟာ အခုချိန်ထိကူညီကယ်ဆယ်ရေးတွေ မရရှိသေးတာတွေရှိနေပါသေးတယ်။ 


ဒါ့အပြင် စစ်ကောင်စီက နောက်ထပ်ကြေညာချက်ထပ်ထုတ်ပြန်လာပြီး အဲ့ဒီထဲမှာ မိုးလေဝသနဲ့ဇလဗေဒပညာရှင်တွေရဲ့ ခန့်မှန်းချက်အရ နောက်ဆက်တွဲ ငလျင်ငယ်တွေ ထပ်လှုပ်လာနိုင်တာကြောင့် ပြည်သူတွေဘေးလွတ်ရာရှောင်တိမ်းနေထိုင်ကြဖို့လို့ ဖော်ပြထားပါတယ်။ 


နောက်ဆက်တွဲသတင်းတွေကို အချိန်နဲ့တပြေးညီထုတ်ပြန်မယ်လို့လည်း စစ်ကောင်စီက ဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကလည်း ဒီနေ့ မြန်မာနိုင်ငံ စစ်ကိုင်းမြို့အနီးကို ဗဟိုပြုလှုပ်ခတ်သွားတဲ့ ၇ဒဿမ၇အင်အားရှိတဲ့ အင်အားပြင်းငလျင်ကြီးကြောင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပဲခူးတို့မှာ လူသေဆုံးမှုတွေနဲ့ ထိခိုက်ပျက်ဆီးမှုတွေရှိကြောင်း ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် အလွန်အားပြင်းတဲ့ငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေလှုပ်ခတ်နိုင်တာကြောင့် ယိုင်နဲ့သွားတဲ့ အဆောက်အအုံတွေထဲမှာ ဆက်မနေကြဖို့၊ ငလျင်ကြောင့် ဆည်တာတမံတွေ အက်ကွဲမှုရှိမရှိ စစ်ဆေးပြီး လိုအပ်ရင်ကြိုတင်ရွှေ့ပြောင်းကြဖို့နဲ့ အချို့ဒေသတွေမှာ ငလျင်ကြောင့် သဲအရည်ပျော်ခြင်းတွေဖြစ်ပေါ်နိုင်တဲ့အတွက် သတိပြုနေထိုင်ကြဖို့ကိုလည်း သတိပေးထားပါတယ်။


 

အင်အားပြင်းငလျင်ကြောင့် လေးထပ်ကြီးကျောင်းနဲ့ မယ်နုအုတ်ကျောင်း ပြိုကျ


ဒီနေ့ မတ်လ ၂၈ ရက် မွန်းလွဲ ၁၂ နာရီ ၅၀ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းရှိ ရှေးဟောင်းအဆောက်အအုံအချို့နဲ့ လူနေအိမ်အချို့ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။


မန္တလေးတိုင်း အင်းဝမြို့ဟောင်းရှိ ရှေးဟောင်းအဆောက်အအုံတစ်ခုဖြစ်တဲ့ မယ်နုအုတ်ကျောင်း (မဟာအောင်မြေဘုံစံကျောင်းတော်ကြီး) လည်း ငလျင်လှုပ်ခတ်မှုအတွင်း ထပ်မံပြိုကျပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဖော်ပြထားပါတယ်။ မယ်နုအုတ်ကျောင်းဟာ ငလျင်ဒဏ်ကြောင့် ခရစ်သက္ကရာဇ် ၁၈၃၉ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၀၀ ခုနှစ်) တစ်ကြိမ်ပြိုကျခဲ့ပြီး ၁၈၇၃ ခုနှစ်မှာ ထပ်မံပြင်ဆင်ခဲ့တာလည်းဖြစ်ပါတယ်။


ဒါ့အပြင် ၁၆ ရာစု ဒုတိယအင်းဝခေတ်က တည်ဆောက်ခဲ့တဲ့ လေးထပ်ကြီးကျောင်းလည်းငလျင်လှုပ်ခတ်မှုအတွင်း ပြိုကျပျက်စီးခဲ့သလို ၁၈ ရာစုအစောပိုင်းက တည်ဆောက်ခဲ့တဲ့ စန္ဒာမုနိဘုရားလည်း ငလျင်လှုပ်ခတ်မှုအတွင်း ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက လူမှုကွန်ရက် Facebook မှာ ဖော်ပြထားပါတယ်။

“စစ်ကိုင်းတံတားလည်း ပြိုတယ်၊ အတော်များများလည်းပြိုတယ်၊ အဲ့ဘက် (အင်းဝဘက်) ကတော့ ပိုဆိုးမှာပဲ။ စစ်ကိုင်းကို ဗဟိုပြုတာဆိုတော့ ပါမှာပေါ့။ အခြေအနေ အသေအချာတော့ မသိရသေးဘူး” လို့ မန္တလေးဒေသခံတစ်ဦးကလည်း Burma VJ ကို ဖြေထားပါတယ်။



စစ်ကိုင်းကို ဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း မန္တလေးတိုင်းအတွင်းက နန်းမြို့ရိုးအပါအဝင် အဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့သလို မီးလောင်မှုတွေ ဖြစ်ပေါ်ခဲ့ကာ လူသေဆုံးမှုတွေလည်း ရှိခဲ့ကာ အဆောက်အအုံတွေ ပိတ်မိနေသူတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်တယ်လို့ ယင်းဒေသခံက ဆက်ပြောပါတယ်။ အဆောက်အဦးပြိုပျက်မှုအများဆုံးအဖြစ် ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ အောင်မြေသာစံမြို့နယ်တို့မှာ ထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ခဲ့ပြီး အဆောက်အအုံပျက်တွေကြား ပိတ်မိနေသူတွေရှိနေတယ်လို့လည်း ဆိုပါတယ်။


ငလျင်လှုပ်ခတ်မှုကြောင့် ညောင်ဦးမြို့နယ် ပုဂံဒေသအတွင်းမှာရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေ ထိခိုက်ပျက်စီးမှုအနည်းငယ်ရှိခဲ့ပေမဲ့ ဆိုးဆိုးရွားရွားပျက်စီးတာမျိုး မတွေ့ရသေးဘူးလို့လည်း ပုဂံဒေသတစ်ဦးက Burma VJ ကို ပြောပါတယ်။ ငလျင်လှုပ်ခတ်မှုအတွင်း သဗ္ဗညုစေတီ ထီးတော်တိမ်းစောင်းခဲ့ပြီး ထီးလိုမင်းလိုဘုရားမှာလည်း အနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။


 

မန္တလေး မဟာအောင်မြေမြို့ရှိ ရွှေဘုန်းရှိန်ဗလီ ပြိုကျပြီး လူသေဆုံးမှုများ


ဒီနေ့ မတ်လ ၂၈ ရက် နေ့လည် ၁ နာရီဝန်းကျင်ခန့်က စစ်ကိုင်းမြို့အနီးကို အခြေပြုပြီး လှုပ်ခတ်သွားတဲ့ ငလျင်ကြောင့် မန္တလေး မဟာအောင်မြေမြို့မှာရှိတဲ့ ရွှေဘုန်းရှိန် ဗလီပြိုကျ ပျက်ဆီးခဲ့ပါတယ်။ ဗလီအတွင်း ဘုရားဝတ်ပြုနေချိန်မှာ ငလျင်လှုပ်ခတ်သွားတာကြောင့် ဗလီပြိုကျပြီး လူသေဆုံးမှုများပြားခဲ့တယ်လို့ သိရပါတယ်။

ဗလီအဆောင် ၃ ဆောင်လောက်ပြိုကျသွားတာဖြစ်ပြီး သေဆုံးသူ (၂၀) ဦးကျော်လာပြီလို့လည်း သိရပါတယ်။ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘုရားဝတ်ပြုချိန်ဖြစ်ခဲ့တာကြောင့် သေဆုံးမှုများ ခဲ့ရခြင်းလည်း ဖြစ်ပါတယ်။ ပြိုကျပျက်ဆီးမှုမှာ ပိတ်မိသူတွေရှိနေသေးပြီး ကူညီကယ်ဆယ်ရေးကို နီးစပ်ရာက အချင်းချင်းကူညီကယ်ဆယ်နေရတယ်လို့လည်း သိရပါတယ်။ 


အခုချိန်ထိ ကူညီကယ်ဆယ်မှုတွေလုပ်ဆောင်နေရဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပဲခူးတိုင်း၊ တောင်ငူမြို့မှာရှိတဲ့ ကန်တော်ဗလီကျောင်းသည်လည်း ငလျင်ဒဏ်ကြောင့် လူအသေအဆုံး ရှိတယ်လို့ သိရပါတယ်။ အင်အားပြင်းငလျင်ရဲ့ နောက်ဆက်တွဲ ငလျင်ငယ်တွေ ရှိလာနိုင်တာ ကြောင့် ကြိုတင်ပြင်ဆင်ထားကြရန်လိုအပ်ပါတယ်။


 

 

အင်အားပြင်းငလျင်လှုပ်ခတ်မှုအတွင်း သေဆုံးသူ ၁၄၄ ဦးအထိရှိလာပြီလို့ စစ်ကောင်စီ ပြော


■ မန္တလေးအပါအဝင် ကျန်ဒေသအတွင်း ထိခိုက်သေဆုံးသူစာရင်း မသိရသေး


ဒီနေ့ မတ်လ ၂၈ ရက် မွန်းလွန် ၁၂ နာရီ ၅၀ မိနစ်က စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် စစ်ကိုင်း၊ ကျောက်ဆည်နဲ့ နေပြည်တော်တို့မှာ သေဆုံးသူ ၁၄၄ ဦးအထိရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၇၃၂ ဦးအထိရှိလာပြီလို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။



ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်း ပြည်သူ ထိခိုက်သေဆုံးမှုနဲ့ အဆောက်အအုံ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံးဖြစ်ပေါ်ခဲ့ပြီး အခုချိန်ထိ ထိခိုက်သေဆုံးစာရင်းကိုတော့ မသိရသေးပါဘူး။


စစ်ကောင်စီရဲ့ ဒီနေ့ ည ၉ နာရီထုတ်ပြန်ချက်အရ ငလျင်ကြောင့် နေပြည်တော်ကောင်စီနယ်မြေမှာ ၉၆ ဦး၊ စစ်ကိုင်းမှာ ၁၈ ဦးနဲ့ ကျောက်ဆည်မှာ ၃၀ ဦး သေဆုံးခဲ့တယ်လို့ ကနဦးသိရပြီး သေဆုံးမှုဒီထက်ပိုမိုများပြားလာနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရသူတွေထဲမှာ နေပြည်တော်မှာ ၄၃၂ ဦး၊ စစ်ကိုင်းမှာ ၃၀၀ ဦးအထိရှိလာပြီလို့ စစ်ကောင်စီ ကနဦးကောက်ယူထားတဲ့ စာရင်းများအရ သိရပါတယ်။ ထိခိုက်သေဆုံးမှုစာရင်းတွေနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေက သီးခြားထုတ်ပြန်လာတာတော့ မရှိသေးပါဘူး။


“ကျွန်တော်တို့ ပျဉ်းမနားဘက်မှာ တချို့အဆောက်အအုံ မြေညီထပ်က မြေကြီးကျွံဝင်သွားတာတွေ ရှိတယ်။ လမ်းတွေဆိုလည်း ကွဲအက်သွားတာ ကားတွေတောင်သွားလို့မရတော့ဘူး။ ကျွန်တော်လည်း ပြေးလွှားနေရတာ။ တချို့အိမ်တွေဆို အပေါ်ထပ်တွေ ပြိုကျသွားတာတွေ ရှိတာ၊ သေဆုံးတာတွေလည်း ရှိတယ်”လို့ ပျဉ်းမနားမြို့မှာ နေထိုင်သူတစ်ဦးက Burma VJ ကို ပြောပါတယ်။


ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း အင်းဝမြို့၊ တံတားဦးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေနဲ့ အောင်မြေသာစံမြို့နယ်တို့မှာ အဆောက်အအုံပြိုကျပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့သလို မီးလောင်ကျွမ်းမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ အဆောက်အအုံပြိုကျမှုအတွင်း ပိတ်မိနေသူတွေနဲ့ သေဆုံးထိခိုက်ဒဏ်ရာရသူတွေက အရပ်ဘက်အဖွဲ့အစည်းနဲ့ ကယ်ဆယ်ရေးအဖွဲ့အစည်းတွေကလည်း အရေးပေါ်ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။


အင်အားပြင်းငလျင် ပြင်းပြင်းထန်ထန်သက်ရောက်ခဲ့တဲ့နေရာတွေကို စစ်ကောင်စီက အရေးပေါ်အခြေအနေ ကြေညာထားပြီး ပြည်ပက အကူအညီတွေပေးနိုင်ဖို့ အကုန်လမ်းဖွင့်ပေးထားပြီး အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ (AHA Center) နဲ့ အိန္ဒိယကလည်း မနက်ဖြန် မတ်လ ၂၉ ရက်မှာ အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့နဲ့ ကမ်းလှမ်းထားတာတွေရှိတယ်လို့လည်း စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

Commentaires


bottom of page