top of page

မှားယွင်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးသေဆုံးခဲ့ရမှုအပေါ် အောင်လံပကဖ တောင်းပန်

  • BVJ
  • Apr 5
  • 1 min read

BVJ/ယူဂရင်း_ မတ် ၂၈၊ ၂၀၂၅


မကွေးတိုင်း၊ အောင်လံမြို့နယ်အတွင်း အရပ်သားတစ်ဦးကို မှားယွင်းပစ်ခတ်ခဲ့မိလို့ သေဆုံးခဲ့ရတဲ့အပေါ် နစ်နာသူမိသားစုနဲ့အတူဝမ်းနည်းကြောင်းနဲ့ တောင်းပန်ကြောင်းကို အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(အောင်လံ ပ.က.ဖ)က မနေ့က မတ် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။


အောင်လံမြို့ အခြေစိုက် က.ပ.စ (၁၅)က စစ်ကောင်စီတပ်ဖွဲ့ဝင် အဲဗားကြီး (ခ) ရဲဝင်းခိုင်ကို အောင်မြေကုန်းကျေးရွာနဲ့ ရွာမထုံးကျေးရွာအကြားမှာ အခုလ ၂၆ ရက်နေ့ မနက် ၆း၄၀ နာရီခန့်မှာ အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာမှာ ပြည်သူတစ်ဦးဖြစ်တဲ့ ရွာမထုံးကျေးရွာနေ ဦးအောင်သန်းဦးကို မှားယွင်းပစ်ခတ်ခဲ့မိတာလို့ ဆိုပါတယ်။


“အဲဗားကြီး (ခ)ရဲဝင်းခိုင်အား ပစ်ခတ်ရှင်းလင်းရန်ပြင်ဆင်နေချိန်တွင် ဦးအောင်သန်းဦးသည် အဲဗားကြီး၏ ဆိုင်ကယ်နှင့်ရှေ့ဆင့်နောက်ဆင့်ဖြစ်သွားခြင်း၊ ပျူစောထီးဟုလည်း ထင်မှတ်မှားခြင်းတို့ကြောင့် ပစ်ခတ်ရှင်းလင်းမိခြင်း ဖြစ်ပါသည်”ဟု အောင်လံ ပ.က.ဖက ပြောထားပါတယ်။


မြေပြင်သတင်းတွေနဲ့ နောက်ဆက်တွဲစုံစမ်းစစ်ဆေးချက်အရ ဦးအောင်သန်းဦးဟာ ပျူစောထီးသင်တန်း တက်ရောက်ထားသူ မဟုတ်ဘူးဆိုတာသိရတာကြောင့် အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေနဲ့ ကာယကံရှင် မိသားစုနဲ့ထပ်တူထပ်မျှ ဝမ်းနည်းရကြောင်းနဲ့ စိတ်မကောင်းခြင်းများစွာဖြင့်တောင်းပန်ကြောင်း ညှိုးငယ်စွာအသိပေးအပ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဒါ့ပြင် ဒီဖြစ်စဥ်နဲ့ပက်သက်ပြီး အပြစ်ပေးအရေးယူမှုတွေကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ လိုက်နာဆောင်ရွက်သွားပါမယ်လို့ အသိပေးထုတ်ပြန်ပါတယ်။


အရပ်သားတစ်ဦးကို မှားယွင်းပစ်ခတ်မှုနဲ့ အပြစ်ပေးအရေးယူမှုအခြေအနေတွေကို သိရှိနိုင်ဖို့အတွက် Burma VJအနေနဲ့ အောင်လံ ပ.က.ဖကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

Yorumlar


bottom of page