top of page

မြန်မာဘက်ပို့မယ့် စတားလင့်စက် ၃၈ လုံးကို မဲဆောက်စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးရမိ

  • BVJ
  • Mar 23
  • 1 min read

BVJ/Moore _ မတ် ၂၂ ၊ ၂၀၂၅



ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ် စစ်ဆေးရေးဂိတ်မှာ ကုန်တင်ယာဉ်ငယ်တစ်စီးကို စစ်ဆေးချိန် တရားမဝင်သယ်ဆောင်လာတဲ့ စတားလင့်စက် ၃၈ လုံးကို ထိုင်းနယ်ခြားစောင့်အထူးတပ်ဖွဲ့က သိမ်းဆည်းရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။


ကုန်တင်ယာဉ်ငယ်နဲ့သယ်ဆောင်လာတဲ့ စတားလင့်စက် ၃၈ လုံးကို ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်ကိုပို့ဆောင်ဖွယ်ရှိပြီး အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေ အသုံးပြုဖွယ်ရှိတယ်လို့ ထိုင်းအာဏာပိုင်တွေက ယူဆထားကြပါတယ်။


စတားလင့်စက်တွေကို လက်ခံသယ်ဆောင်လာတဲ့ ယာဉ်မောင်းဖြစ်သူ တရုတ်လူမျိုး Mr. Lyu ကိုလည်း တရားမဝင်ဆက်သွယ်ရေးပစ္စည်း သယ်ဆောင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။



ထိုင်း-မြန်မာနယ်စပ်က တာချီလိတ်မြို့နယ်၊ မြဝတီမြို့နယ်နဲ့ ဘုရားသုံးဆူဒေသတို့က နေရာ ၅ ခုကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက်ဆက်သွယ်ရေး ပေးပို့မှုတွေ ထိုင်းနိုင်ငံဘက်က ဖြတ်တောက်ခဲ့ပြီးနောက် ကျားဖြန့်လုပ်ငန်းတွေမှာ စတားလင့်အသုံးပြုမှုတွေ ပိုမိုများပြားလာတယ်လို့လည်း ဒေသတွင်းသတင်းတွေကလည်း ရေးသားဖော်ပြထားပါတယ်။


ကရင်ပြည်နယ်အတွင်း ကျားဖြန့်နှိမ်နင်းရေးစီမံချက်ကို ထိုင်း၊ မြန်မာ၊ တရုတ် သုံးနိုင်ငံ ပူးတွဲလုပ်ဆောင်ပြီးနောက်ပိုင်း ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာ လူကုန်ကူးခံရပြီး ကျားဖြန့်လုပ်ငန်းထဲ ရောက်နေတဲ့ နိုင်ငံခြားသားတွေကို ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) တို့ကလည်း ရှာဖွေဖမ်းဆီးပြီး ထိုင်းနိုင်ငံကနေတဆင့် သက်ဆိုင်ရာနိုင်ငံတွေကို လွှဲပြောင်းပေးနေတာတွေလည်း ရှိနေပါတယ်။

Comments


bottom of page