top of page

မဲဆောက်-မြန်မာနယ်စပ်က ကားဝင်းအတွင်း ကားအစီးရေ ၂၀၀ မီးလောင်ပျက်စီး

  • BVJ
  • Mar 20
  • 1 min read

BVJ/ထက်အောင် _ မတ် ၁၉ ၊ ၂၀၂၅



ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့ အကောက်ခွန်ဌာနပိုင် ကားဝင်းအတွင်း မနေ့က မတ်လ ၁၈ ရက်ညပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး ကားအစီး ၂၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ထိုင်းသတင်းဌာန ဘန်ကောက်ပို့စ်မှာ ဖော်ပြထားပါတယ်။


ထိုင်းအကောက်ခွန်ဌာနက ဖမ်းဆီးသိမ်းဆည်းရမိတဲ့ ကားတွေကို အဲ့ဒီကားဝင်းထဲမှာထားရှိတာဖြစ်ပြီး ကားအစီးရေ ၈၀၀ ဝန်းကျင်ရှိတယ်လို့လည်း သိရပါတယ်။ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီး အကောက်ခွန်ဌာန မီးလောင်မှုဖြစ်ပွားတဲ့ ကားဝင်းအတွင်းမှာ အဆောက်အအုံသစ်တစ်ခုကိုလည်း ဆောက်လုပ်နေတာလည်း ဖြစ်ပါတယ်။


မီးလောင်မှုဟာ မနေ့ည ၇ နာရီခွဲဝန်းကျင်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မီးသတ်သမားအများအပြားအပါအဝင် မီးသတ်ကားအစီး ၂၀ နဲ့သုံးနာရီကြာ ငြှိမ်းသတ်ခဲ့ရပါတယ်။ မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပေမဲ့ မီးလောင်မှုဖြစ်ပွားတဲ့အကြောင်းရင်းကိုတော့ ထိုင်းရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း အကောက်ခွန်ဌာန ပြောရေးဆိုခွင့်ရှိသူ Phanton Loykulnanta က ပြောပါတယ်။




အကောက်ခွန်ဌာန ကားဝင်းအတွင်း အခုလို မီးလောင်မှုကြီးကြီးမားမားဖြစ်ပွားတာမျိုးကို မကြုံဖူးကြောင်းနဲ့ ကားဝင်းအတွင်းမှာ သိမ်းဆည်းထားတဲ့ကားတွေဟာ ဟောင်းနွမ်းနေပြီး အသုံးမပြုတော့တဲ့ကားတွေဖြစ်သလို တန်ဖိုးကြီးကားအမျိုးအစားတွေရှိမနေဘူးလို့လည်း အကောက်ခွန်ဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။


အကောက်ခွန်ဌာနပိုင် ကားဝင်းအတွင်းမှာ ဥပဒေအရ သိမ်းဆည်းထားတဲ့ကားတွေလည်းရှိနေသလို ကားအများစုဟာ ဂျပန်နိုင်ငံကနေ တင်သွင်းလာတဲ့ တစ်ပတ်ရစ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီကားတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေတဆင့် မြန်မာနိုင်ငံကို ပို့ဆောင်ဖို့လုပ်ဆောင်ခဲ့ပေမဲ့ မြန်မာနိုင်ငံတွင်း တိုက်ပွဲဖြစ်ပွားနေတာကြောင့် မဲဆောက်မှာ ကာလရှည်ရှိနေတာဖြစ်တယ်လို့လည်း အကောက်ခွန်ဌာန တာဝန်ရှိသူက ပြောပါတယ်။


ကားဝင်းအတွင်းမှာရှိတဲ့ ဖမ်းဆီးသိမ်းဆည်းထားတဲ့ကားတွေကို လေလံတင်ရောင်းချဖို့ ကြိုးစားခဲ့ပေမဲ့ ဈေးနှုန်းကြီးမြင့်မှုနဲ့ စိတ်ဝင်စားမှုနည်းတာကြောင့် ဝယ်ယူမယ့်သူမရှိဖြစ်နေတယ်လို့ အကောက်ခွန်ဌာန တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

Comments


bottom of page