ဘန်ကောက်ပြိုကျအဆောက်အအုံအောက်က ဖုန်းမီးနဲ့အချက်ပြတာကို ကယ်ဆယ်ရေးအဖွဲ့ တွေ့ရှိ
- BVJ
- 23 hours ago
- 1 min read
BVJ/Moore _ ဧပြီ ၁၁ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မှာ ငလျင်ကြောင့်ပြိုကျခဲ့တဲ့ အဆောက်အအုံအောက်က ဖုန်းမီးအချက်ပြမှုကို ကယ်ဆယ်ရေးအဖွဲ့တွေက ဒီနေ့ ဧပြီ ၁၁ ရက် မနက်ပိုင်းအစောပိုင်းမှာ တွေ့ရှိခဲ့တာကြောင့် အသက်ရှင်ကျန်နေသူ ၂ ဦးခန့်ရှိနေနိုင်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။
မတ်လ ၂၈ ရက်နေ့က အင်အားပြင်းငလျင်ကြောင့် ဘန်ကောက်မြို့ ချက်တူချက်မှာရှိတဲ့ ဆောက်လုပ်စ အဆောက်အအုံ ပြိုကျပျက်စီးမှုဖြစ်ပွားခဲ့ပြီး ကနဦး သေဆုံးသူ ၂၇ ဦး၊ ဆေးဝါးကုသနေသူ ၉ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၇ ဦးရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေကလည်း ကြေညာထားပါတယ်။
ပြိုကျအဆောက်အအုံ ဇုန်ဘီနေရာ အပျက်အစီးတွေအောက် ၃ မီတာ (၉ ပေခန့်) အကွာမှာ ဖုန်းမီးအချက်ပြတာကိုတွေ့ရှိခဲ့တာကြောင့် မီးအချက်ပြမှုလုပ်ဆောင်ဖို့ ကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူကို ညွှန်ကြားတာမှာ အပျက်အစီးတွေအောက် ပိတ်မိနေသူက ဖုန်းမီးအချက်ပြမှုကို ပြန်လည်လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် အပျက်အစီးအောက် ပိတ်နေသူထံမှ ဆမ်ဆောင်းဖုန်းနဲ့ဆင်တူတဲ့ ဖုန်း Ringtone ဖွင့်သံပိတ်သံကိုလည်း ကြားခဲ့တာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက ရေဒါကင်မရာကို အောက်သို့ချပြီး စစ်ဆေးခဲ့ရာ လူခန္ဓာကိုယ်တစ်ခုတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် ပိတ်မိနေသူဟာ အသက်ရှင်နိုင်ချေရှိသေးတယ်လို့လည်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဘန်ကောက်အဆောက်အအုံ ပြိုကျမှုအတွင်း ၁၅ ရက်ခန့်ကြာချိန် အခုလို ဖုန်းမီးအချက်ပြမှုကို တွေ့ရှိခဲ့ရတာကြောင့်လည်း ကယ်ဆယ်ရေးအဖွဲ့တွေကလည်း အသက်ရှင်နိုင်ချေရှိတဲ့ ပိတ်မိနေသူတွေကို ကယ်ဆယ်နိုင်ဖို့ ပြင်ဆင်စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
Comments