top of page

ပဋိပက္ခတွေကိုဖြေရှင်းနိုင်ဖို့ ရွေးကောက်ပွဲက အရေးကြီးတယ်လို့ ဦးကိုကိုကြီး ပြော

  • BVJ
  • Apr 5
  • 1 min read

BVJ/အိုင်းရစ် _ မတ် ၂၅ ၊ ၂၀၂၅


လက်ရှိနိုင်ငံတွင်းမှာဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို ကျော်လွှားနိုင်ဖို့အတွက် ရွေးကောက်ပွဲက အရေးကြီးတယ်လို့ ပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးက ပြောပါတယ်။


စစ်ကောင်စီ ဦးဆောင်ပြုလုပ်နေတဲ့ နေပြည်တော်က ငြိမ်းချမ်းရေးစကားဝိုင်း (Peace Talk 2025) ဆွေးနွေးပွဲဒုတိယနေ့မှာ ဦးကိုကိုကြီးက ပြောတာပါ။


တွေ့ဆုံဆွေးနွေးပြီးဖြေရှင်းမယ်ဆိုတဲ့ ယုံကြည်ချက်ခိုင်မာနေသရွေ့ ငြိမ်းချမ်းရေးကို မျှော်လင့်ချက်အားကောင်းလာမှာဖြစ်ပြီး အခုဆွေးနွေးပွဲမှာ ပြည်တွင်းနယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေပါဝင်ပြီး ဆွေးနွေးမှုဟာ အစကောင်းတဲ့ခြေလှမ်းဖြစ်ကြောင်းနဲ့ ပိုမိုကျယ်ပြန့်တဲ့ ဆွေးနွေးပွဲတွေ ဆက်လက်သွားမယ်ဆိုရင် မူဝါဒချမှတ်သူတွေအတွက် အချက်အလက်တွေ ပိုမိုပြည့်စုံလာမှာဖြစ်တယ်လို့လည်း ဦးကိုကိုကြီး ဆိုပါတယ်။


တနိုင်ငံရေးတိုက်ပွဲတွေပြင်းထန်နေချိန်မှာ စစ်ကောင်စီ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ဦးဆောင်ပြုလုပ်တဲ့ ငြိမ်းချမ်းရေးစကားဝိုင်းဆွေးနွေးပွဲကို နေပြည်တော်မှာ မတ်လ ၂၄ ရက်ကနေ ၃ ရက်ကြာပြုလုပ်မှာဖြစ်ပြီး စစ်ကောင်စီခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေ၊ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ လေ့လာသူအချို့ တက်ရောက်ခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ပြည်သူ့ပါတီ၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ဒေါ်စောမြရာဇာလင်း၊ စစ်ကောင်စီဝန်ကြီးဟောင်း ပြည်သူ့ရှေ့ဆောင်ပါတီမှ ဒေါ်သက်သက်ခိုင်၊ ကရင်အမျိုးသား အစည်းအရုံး (KNU/KNLA) (PC)က ဒေါက်တာ နော်ကပေါ်ထူး၊ ဒေါက်တာအေးမောင်၊ ဒေါ်ညိုညိုသင်း၊ ဦးလှမောင်ရွှေ၊ စောစိန်ဝင်းတို့အပါအဝင် စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲဝင်ပြိုင်မယ့် နိုင်ငံရေးပါတီအချို့လည်း တက်ရောက်ကြတယ်။


ပြည်သူအများစု ထောက်ခံတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းကြောင်း ထုတ်ပြန်ထားပြီး စစ်ကောင်စီ အလိုကျ နိုင်ငံရေးပါတီတွေနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။


စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံတွင်းပဋိပက္ခကို ပိုမိုကြီးထွားလာစေမှာဖြစ်ပြီး သဘောထားကွဲလွဲမှုတွေ ပိုမိုနက်ရှိုင်းလာမှာဖြစ်သလို ဒါဟာ အတုအယောင်ရွေးကောက်ပွဲတစ်ခုမျှသာဖြစ်တယ်လို့လည်း အာဆီယံအပါအဝင် နိုင်ငံတကာနဲ့ ပြည်တွင်းပြည်ပ အရပ်ဘက်အဖွဲ့အစည်းတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Comentários


bottom of page