ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူ ၅ ဦးအထိရှိလာ
- BVJ
- Apr 5
- 1 min read
BVJ/ဇော်_မတ် ၂၇ ၊ ၂၀၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ အောင်ဖြူပင်ရွာက စစ်ဘေးရှောင်တွေနေထိုင်နေတဲ့ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ အရပ်သားပြည်သူ ၅ ဦးအထိ ရှိလာပြီလို့ သိရပါတယ်။
စစ်ဘေးရှောင်ရှိနေတဲ့ အောင်ဖြူပင်ရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက မတ်လ ၂၅ ရက်နေ့ ည (၇) နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် (၅၀၀) ဗုံးနဲ့ ကြဲခဲ့ပါတယ်။ စစ်ဘေးရှောင် ၃ ဦး နေရာမှာတင် သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၁၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရခိုင်ဒေသတွင်း သတင်းတွေမှာလည်း ဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲက ကလေးတစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ ဆေးကုသမှုခံယူနေစဉ် မနေ့ မတ်လ (၂၆) ရက်မှာ ထပ်မံသေဆုံးခဲ့တယ်လို့လည်း Arakan Princess Media က ဖော်ပြထားပါတယ်။ ဒါ့အပြင် စိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိထားသူတွေ ရှိနေသေးတယ်လို့လည်း သိရပြီး ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ် (၄) ဦး ပါဝင်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့ကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက်ထားပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ မြို့ပေါ်ကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံတွေက မြို့ပေါ်မှာမနေဘဲ စစ်ဘေးရှောင်နေရတာပဲ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီ ဆက်လက်ထိန်းချုပ်ထားတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့တို့မှာလည်း နှစ်ဖက်စစ်ရေးတင်းမာနေပြီး ကျောက်ဖြူမှာ စစ်ကောင်စီတပ်နဲ့ AA တပ်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိနေပါတယ်။
အခု မတ်လ ၁၆ ရက်ကလည်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က စစ်ဘေးရှောင်ရှိနေတဲ့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီတပ်လေကြောင်းဗုံးကြံတိုက်ခိုက်ခဲ့တာကြောင့် သံဃာတော် ၆ ပါးနဲ့ စစ်ဘေးရှောင်ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က သတင်းထုတ်ပြန်ထားပါသေးတယ်။
Comments