top of page

ဒေါက်တာမှုထန်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူပိုင်အဖြစ် CDF-ထန်တလန်သိမ်းယူ

  • BVJ
  • Apr 5
  • 1 min read

မိုနာ/BVJ_ မတ် ၂၅၊ ၂၀၂၅

စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်(ဓါတ်ပုံ-CINCDS)
စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်(ဓါတ်ပုံ-CINCDS)

Chinland Defense Force – Thantlang (CDF – ထန်တလန်) ထိန်းချုပ်နယ်မြေအတွင်းက အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ အိမ်၊ခြံ၊မြေအားလုံးကို ပြည်သူလူထုကိုယ်စား အပြီးပိုင်သိမ်းဆည်းလိုက်ပြီလို့ မနေ့က မတ်လ ၂၄ ရက်နေ့မှာ CDF – Thantlangက အမိန့်ပြန်တမ်း

ထုတ်ပြန်ပါတယ်။


ထန်တလန်မြို့နယ် ဒေသခံတစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ စစ်ကောင်စီရဲ့လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်သူ၊ စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ထန်တလန်မြို့တခုလုံးကိုမီးရှို့ဖျက်ဆီးနေတဲ့ စစ်တပ်ကိုအားပေးသူဖြစ်တာကြောင့် CDF-ထန်တလန်ထိန်းချုပ်နယ်မြေအတွင်းက သူပိုင်ဆိုင်တာတွေကို CDF-ထန်တလန်ကောင်စီက အပြီးသိမ်းပြီး လိုအပ်သလို ဆက်လက်ကိုင်တွယ်မယ်လို့ အမိန့်ပြန်တမ်းမှာဖော်ပြပါတယ်။


အခုသိမ်းဆည်းထားတာတွေကို နောက်အသစ်တက်လာမယ့် အစိုးရသစ်ထံ ထပ်မံလွှဲအပ်မယ်လို့လည်း ပြောထားပါတယ်။


အသက် ၇၇ နှစ်အရွယ် ချင်းလူမျိုး နိုင်ငံရေးသမား၊ ဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာမှုထန်ဟာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတို့မှာ အနိုင်ရထားတဲ့ အမတ်တစ်ဦးဖြစ်ပြီး ချင်းပြည်နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။


စစ်တပ်ကအာဏာသိမ်းပြီးနောက် ZCD ပါတီ အထွေထွေအတွင်းရေးမှုး ပူးဂင်ကမ်းလျန်ကို စစ်ကောင်စီအဖွဲ့ဝင်အဖြစ်ခန့်အပ်ခဲ့ပေမယ့် ပူးဂင်ကမ်းလျန်က လက်မခံတာကြောင့် သူ့နေရာမှာအစားထိုးအဖြစ် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇ ရက်မှာ ဒေါက်တာမှုထန်ကို ကောင်စီဝင်အဖြစ် ခန့်အပ်ခဲ့တာပါ။


ချင်းပြည်နယ်၊ဟားခါးမြို့မှာရှိတဲ့ သူ့ရဲ့နေအိမ်ကိုလည်း CDF-ဟားခါးက ပြည်သူပိုင်အဖြစ်သိမ်းဆည်းလိုက်ကြောင်းကို ပြီးခဲ့တဲ့ ၂၀၂၄၊ ဖေဖော်ဝါရီ ၂၅ရက်က ထုတ်ပြန်ကြေညာခဲ့ပါသေးတယ်။

Comments


bottom of page