ဒေါက်တာ စင်သီယာမောင် ထိုင်းနိုင်ငံ Nareasuan တက္ကသိုလ်ရဲ့ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ချီးမြှင့်ခံရ
- BVJ
- Mar 19
- 1 min read
BVJ/ဇော်_မတ် ၁၃ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ မြန်မာနယ်စပ် တိုင်းရင်းသားအများစုကို ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ ဒေါက်တာ နော်စင်သီယာမောင်ကို ထိုင်းနိုင်ငံမြောက်ပိုင်းမှာရှိတဲ့ Nareasuan တက္ကသိုလ်ကနေ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
အခုလ မတ် (၁၁) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို ထိုင်းဘုရင့်တော်ဝင်မိသားစုမှ မင်းသမီး မဟာချက်ကရီသီရိဒုံ ကိုယ်တိုင်လာရောက်ချီးမြှင့်ခဲ့တယ်လို့လည်း သိရပြီး လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့တာကြောင့် အခုလို ဘွဲပေးအပ်ခဲ့တာဖြစ်တယ်လို့လည်း တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။

ဂုဏ်ထူးဆောင်ပါရဂူဘွဲ့တွေအတွက် Nareasuan University ရဲ့ သက်ဆိုင်ရာ တက္ကသိုလ်တာဝန်ရှိသူတွေက အဆိုပြုတင်ပြရတာဖြစ်ပြီး တက္ကသိုလ်ကောင်စီက ရွေးချယ်ပေးအပ်တာဖြစ်ပါတယ်။ ဒေါက်တာစင်သီယာမောင်အတွက် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ကို Nareasuan တက္ကသိုလ် Faculty of Social Sciences တာဝန်ရှိသူတွေကနေ အဆိုပြုတင်ပြပေးခဲ့တာဖြစ်တယ်လို့လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
၁၉၈၉ ခုနှစ်မှာ မယ်တော်ဆေးခန်းကို စတင်တည်ထောင်ခဲ့တဲ့ ဒေါက်တာ စင်သီယာမောင်ကို အမေရိကန်နဲ့ ဆွစ်ဇာလန်နိုင်ငံ ဆေးဝါးအဖွဲ့အစည်းတွေက ပူးပေါင်းချီးမြှင့်တဲ့ Jonathan Mann Award ကို ၁၉၉၉ ခုနှစ်တွင် ပထမဦးဆုံး လက်ခံရရှိခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပြီး ၂၀၀၃ ခုနှစ်မှာ တိုင်းမ်မဂ္ဂဇင်းရဲ့ အာရှသူရဲကောင်းများအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ ဒါ့အပြင် လူမှုကူညီရေးလုပ်ငန်းတွေကို ခေါင်းဆောင်မှုလုပ်နိုင်ခဲ့တဲ့အတွက် အရှေ့တောင်အာရှ ရေမွန် မာဂါဆေးဆေး (Sotheast Asia’s Ramon Magsaysay Award) ဆု၊ ၂၀၁၃ ခုနှစ်မှာ ဩစတြေးလျနိုင်ငံက ချီးမြှင့်တဲ့ ဆစ်ဒနီငြိမ်းချမ်းရေးဆု အပါအဝင် ဆုပေါင်း ၁၈ ခုချီးမြှင့်ခံထားရပြီးဖြစ်ပါတယ်။
Comentarios