ထိုင်းမှာဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ပတ်သက်မှုမရှိဘူးလို့ KNLA ထုတ်ပြန်
- BVJ
- Apr 5
- 1 min read
BVJ/ထက်အောင် _ မတ် ၂၆ ၊ ၂၀၂၅

ထိုင်းနိုင်ငံ နာခွန်စဝမ်မြို့အနီးမှာ သန်းနဲ့ချီတဲ့ မူးယစ်ဆေးဝါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ချိန် အဲဒီမူးယစ်ဆေးဝါးပစ္စည်းတွေဟာ သူတို့နဲ့ လုံးဝပတ်သက်မှုမရှိကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ထုတ်ပြန်လာပါတယ်။
အခု မတ်လ ၂၁ ရက်က နာခွန်စဝမ်မြို့အနီးက ကွန်တိန်နာယာဉ်တစ်စီးပေါ်မှာ မူးယစ်ဆေးဝါး မက်သာဖက်တမင်း ၁၈ သန်း၊ ICE ၂၅၀ ကီလိုဂရမ်နဲ့ ကက်တမင်း ၃၀၀ ကီလိုဂရမ်တို့ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တာပါ။
ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါး သန်းနဲ့ချီသယ်ဆောင်လာတဲ့ ကွန်တိန်နာယာဉ်မောင်းကို ထိုင်းအာဏာပိုင်တွေက စစ်ဆေးမေးမြန်းချိန်မှာ သူတို့အနေနဲ့ မြန်မာနိုင်ငံဘက်ခြမ်းကို မယ်ကုမြို့ လှေဆိပ်ကနေတဆင့် သောက်ရေသန့် သွားရောက်ပို့ဆောင်တာဖြစ်ပြီး မြန်မာနိုင်ငံဘက်ခြမ်းမှာ တစ်ညအိပ်ခဲ့ကြောင်းနဲ့ မူးယစ်ဆေးဝါးဂိုဏ်းတခုက သူတို့ကွန်တိန်နာယာဉ်ကို ယူဆောင်ကာ မူးယစ်ဆေးဝါးတွေ တင်ဆောင်ပြီး ထိုင်းဘက်ခြမ်းလှေဆိပ်ကနေတဆင့် ပြန်ကူးခဲ့ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။
မူးယစ်ဆေးဝါးတွေကို မြန်မာဘက်ခြမ်းကနေ သယ်ဆောင်လာတာဖြစ်တယ်လို့ ထိုင်းသတင်းဌာန The Nation က ရေးထားပေမဲ့ နေရာဒေသကိုတော့ မဖော်ပြထားပါဘူး။

ဒါပေမဲ့ ထိုင်းနိုင်ငံတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုအခြေအနေနဲ့ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ခံ KNLA က ပတ်သက်မှုမရှိကြောင်း ထုတ်ပြန်လာတာကြောင့် ကရင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားခဲ့ဖွယ်ရှိတယ်လို့ ယူဆရပါတယ်။
မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းဝယ်တဲ့လုပ်ငန်းတွေကို နိုင်ငံတကာနဲ့အတူ KNU/KNLA ကလည်း ဆန့်ကျင်ရှုတ်ချသလို KNU/KNLA အုပ်ချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ပြစ်မှုတစုံတရာ ကျူးလွန်သူတွေကိုလည်း KNU/KNLA ရဲ့ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ် လှေဆိပ်ကနေတဆင့် သယ်ဆောင်လာတဲ့ မူးယစ်ဆေးဝါးသန်းနဲ့ချီဖမ်းဆီးရမိခဲ့ပြီးနောက် ထိုင်းနယ်စပ်တစ်လျှောက်မှာရှိတဲ့ လှေဆိပ်ပေါင်း ၅၉ ခုကို ထိုင်းအာဏာပိုင်တွေက ယာယီပိတ်ထားခဲ့သလို ဘယ်ကုန်ပစ္စည်းကိုမဆို နှစ်ဖက်လှေဆိပ်တွေကနေတဆင့် သယ်ဆောင်ခွင့်မပြုဘူးလို့လည်း ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။
Comments