ထိုင်းတောင်ပိုင်း နရာထီဝတ်နဲ့ ပဌာနီမှာ ဗုံးခွဲတိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
- BVJ
- Mar 19
- 1 min read
BVJ/Moore _ မတ် ၉ ၊ ၂၀၂၅

မလေးရှားနိုင်ငံနဲ့ထိစပ်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း နရာထီဝတ်ခရိုင် ဆွန်ငိုင်းကိုလော့မြို့ ခရိုင်ရုံးကို လက်နက်ကိုင်လူတစ်စုက မနေ့ စနေနေ့ညပိုင်းမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်ဖက်လုံခြုံရေးဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ၁၁ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းသတင်းဌာန Bangkok Post က ဖော်ပြထားပါတယ်။
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ ဗုံးခွဲတိုက်ခိုက်သူတွေဟာ ခရိုင်ရုံးအတွင်းကို ပြင်းအားမြင့်ဗုံး ပစ်သွင်းတိုက်ခိုက်ခဲ့သလို သေနတ်နဲ့ပစ်ခတ်မှုတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် မီးရထားလမ်းအနီးတစ်လျှောက်နဲ့ ဈေးဝယ်စင်တာအပြင်ဘက်မှာလည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးတယ်လို့လည်း သိရပါတယ်။
နရာထီဝတ်ခရိုင်မှာ ဗုံးဖောက်ခွဲတိုက်ခိုက်မှုဖြစ်ပွားချိန် ပဌာနီဒေသအတွင်း လုံခြုံရေးကင်းလှည့်နေတဲ့ ယာဉ်တစ်စီး တိုက်ခိုက်ခံရပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဗုံးဖောက်ခွဲတိုက်ခိုက်မှုနဲ့ ပစ်ခတ်မှုဖြစ်ပွားပြီးချိန် အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်မံဖြစ်ပေါ်လာနိုင်တာကြောင့် ခရိုင်အတွင်း အရေးပေါ်သတိပေးမှုကို ဒေသလုံခြုံရေးတာဝန်ရှိသူတွေက အသိပေးထုတ်ပြန်ထားပါတယ်။
မနေ့ မတ်လ ၈ ရက် ည ၇ နာရီ ၁၀ မိနစ်ဝန်းကျင်က လက်နက်ခဲယမ်းတွေ တင်ဆောင်လာတဲ့ ကားတစ်စီးဟာ ဆွန်ငိုင်းကိုလော့ခရိုင်ရုံးရှေ့မှာ ရပ်တန့်ချိန် အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ လူတစ်စုက ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့တာလည်းဖြစ်တယ်လို့ ပြည်တွင်းလုံခြုံရေးကွပ်ကဲမှုရုံး (Isoc) တောင်ပိုင်းခရိုင် ရှေ့တန်းရုံး တာဝန်ရှိသူတွေက ပြောပါတယ်။ တိုက်ခိုက်သူတွေက ပေါက်ကွဲစေနိုင်တဲ့ပစ္စည်းတွေကို လမ်းမတစ်လျှောက်ချခဲ့ပြီး ထွက်ပြေးသွားတယ်လို့လည်း ဆိုပါတယ်။
ခရိုင်ရုံးကို တိုက်ခိုက်မှုအပြီး မိနစ်အနည်းငယ်ကြာ ၇ နာရီ ၂၈ မိနစ်မှာ ရထားလမ်းအနီးတစ်လျှောက်နဲ့ Big C အရောင်းစင်တာရှေ့မှာ ဖောက်ခွဲတိုက်ခိုက်မှုတွေ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ သိရပြီး တိုက်ခိုက်ခဲ့တဲ့ ဗုံးအမျိုးအစားကိုတော့ အတိအကျမသိရသေးဘူးလို့ Isoc က ပြောပါတယ်။
လက်ရှိအခြေအနေကြောင့် ဒေသတွင်းပြည်သူတွေအနေနဲ့ ညဘက် အပြင်ထွက်အနားယူတာမျိုး မလုပ်ဆောင်ကြဖို့နဲ့ မိမိအိမ်အတွင်းမှာသာ နေထိုင်ကြဖို့ကိုလည်း ခရိုင်တာဝန်ရှိသူတွေက အထူးသတိပေးမှုတွေ လုပ်ဆောင်နေပါတယ်။
Photo: Bangkok Post, The Reporters
Comentarios