top of page

ထောင်ကလွတ်လာတဲ့ မြန်မာနိုင်ငံသား ၂၅၀ ထိုင်းနိုင်ငံကနေ မြန်မာဘက်အခြမ်း ပြန်ပို့ခံရ

  • BVJ
  • Mar 23
  • 1 min read

BVJ/Moore _ မတ် ၂၁ ၊ ၂၀၂၅


Photo: Ranong Immigration
Photo: Ranong Immigration

ထိုင်းနိုင်ငံထဲမှာ အကြောင်းအမျိုးမျိုးနဲ့ဖမ်းဆီးခံခဲ့ရပြီး ထောင်ကနေ လွတ်ရက်စေ့ ပြန်လွတ်လာတဲ့ မြန်မာနိုင်ငံသား ၂၅၀ ကို မနေ့ မတ်လ ၁၉ ရက် မနက်ပိုင်းက မြန်မာနိုင်ငံဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ပါတယ်။


မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခံရတဲ့သူတွေထဲမှာ အမျိုးသား ၂၁၆ ဦးနဲ့ အမျိုးသမီး ၃၄ ဦးတို့ပါ ဝင်တယ်လို့သိရပါတယ်။ ဒီကိစ္စကို ရနောင်းလူဝင်မှုကြီးကြပ်ရေးအရာရှိ၊ ထိုင်းရေတပ်နဲ့ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေက စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးမိုးဇော်နဲ့အတူ ပူးပေါင်းဆောင်ရွက်လုပ်ဆောင်ခဲ့ပါတယ်။


မြန်မာဘက် ပြန်ပို့တဲ့တွေကို စက်လှေနဲ့ ရနောင်းကနေ ကော့သောင်းဘက်ကို ခေါ်ဆောင် သွားပါတယ်။ ရနောင်းလူဝင်မှုကြီးကြပ်ရေးဌာနရဲ့ ထုတ်ပြန်ချက်ထဲတွင် အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားတွေ ပြည့်ကျပ်နေတာကြောင့် လူဦးရေလျှော့ချတဲ့အနေနဲ့ လွတ်ရက်စေ့ အကျဉ်းသားတွေကို သက်ဆိုင်ရာမိခင်နိုင်ငံတွေဆီ မူဝါဒနဲ့အညီ ပြန်ပို့တာတွေ လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။




ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်ကလည်း အကျဥ်းထောင်ထဲက အထောက်အထားမဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁၉၈ ဦးနဲ့ အမျိုးသမီး ၂ ဦးကို ရနောင်း-ကော့သောင်းနယ်စပ်ဂိတ်ကနေတဆင့် စက်လှေနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခဲ့တာရှိခဲ့ပါတယ်။


ထိုင်းနိုင်ငံဘက်ကနေ မြန်မာဘက်အခြမ်း ပြန်ပို့ခံရတဲ့ လူငယ်အများစုဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းခေါ်ဆောင်ခံရမှုတွေရှိနေပါတယ်။ အထောက်အထားမဲ့ မြန်မာတွေကို ဖမ်းဆီးပြီး မြန်မာနိုင်ငံကို ပြန်ပို့နေတာဟာ စစ်ကောင်စီအတွက် စစ်မှုထမ်းတပ်သားစုဆောင်းဖို့ ပို့ဆောင်ပေး နေသလို ဖြစ်နေတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) က ၂၀၂၄ စက်တင်ဘာ ၂၃ ရက်က ထုတ်ပြန်ထားပါတယ်။

 

စစ်တပ်အာဏာသိမ်းကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရပြီး စစ်မှုထမ်းရှောင်ဖို့ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအစိုးရအနေနဲ့ ကူညီစောင့်ရှောက်ပေးဖို့ကိုလည်း NUCC က တောင်းဆိုထားပါတယ်။


ထိုင်းနဲ့ မလေးရှားနိုင်ငံတွင်းမှာရှိတဲ့ အထောက်အထားမဲ့မြန်မာတွေကိုဖမ်းဆီးပြီး မြန်မာနိုင်ငံဘက် (စစ်ကောင်စီထံ) ကို ပြန်ပို့နေတာတွေ ရပ်တန့်ဖို့ အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုမှုတွေရှိနေသလို အခု မတ်လ ၄ ရက်နေ့ကလည်း Stars of Myanmar Friendship Club (UK) အဖွဲ့က ထိုင်းနဲ့ မလေးရှားသံရုံးတွေရှေ့မှာ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

Commenti


bottom of page