top of page

စဉ့်အိုးလဟာရွာတိုက်ပွဲ စစ်ကောင်စီဘက်က ၁၂ဦးသေဆုံးကြောင်း အမှတ်၂စစ်ဒေသခွဲ ထုတ်ပြန်

  • BVJ
  • Apr 5
  • 1 min read

BVJ/ထက်အောင် _ မတ် ၂၅ ၊ ၂၀၂၅


ပဲခူးတိုင်း ကျောက်တံခါးမြို့နယ် စဉ့်အိုးလဟာရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက် ၁၂ ဦး သေဆုံးကာ ၁၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လာပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၅၊ တိုင်းစစ်ဌာန (ပဲခူး) စစ်ဆင်ရေးနယ်မြေ ၂ အမှတ် ၃၇၀၂ တပ်ရင်း၊ Spring Worrior Column၊ အထူးကွန်မန်ဒိုတပ်ရင်းနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၉) တို့ ပူးပေါင်းပြီး ဒီနေ့ မတ်လ ၂၅ ရက် မနက် ၂ နာရီခွဲဝန်းကျင်မှာ စဉ့်အိုးလဟာရွာက စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


တိုက်ပွဲဖြစ်ပွားချိန် ၄ နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး တိုက်ပွဲပြင်းထန်ခဲ့ကာ စစ်ကောင်စီဘက်က လေယာဉ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူပေးခဲ့ပါသေးတယ်။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်က ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီထံက G-3 (၁) လက်၊ လက်နက်ငယ်ကျည်အချို့နဲ့ စစ်ဘက်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်ကလည်း ဖြူးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှာရှိတဲ့ စစ်ကောင်စီဂိတ်စခန်း ၇ ခုကို တောင်ပိုင်းစစ်ဒေသလက်အောက်ခံ တပ်ဖွဲ့တွေနဲ့ KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့ပါသေးတယ်။ ယင်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈ ဦး သေဆုံးခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ရဲဘော် ၁ ဦး ကျဆုံးခဲ့ပါသေးတယ်။

Comments


bottom of page