top of page

ဂျပန်အစိုးရ အလိုရှိနေတဲ့ ကျားဖြန့် ယာကူဇာတစ်ဦး ဘန်ကောက်မှာ ဖမ်းဆီးရမိ

  • BVJ
  • Mar 23
  • 1 min read

BVJ/အိုင်းရစ် _ မတ် ၂၁ ၊ ၂၀၂၅



ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ကိုင်နေတဲ့ ယာကူဇာလို့ယူဆရသူ ဂျပန်နိုင်ငံသား Yamaguchi ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီးချိန် ပြည်နှင်ဒဏ်ပေးဖို့ရှိနေတယ်လို့ သိရပါတယ်။


ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ ဂျပန်နိုင်ငံသားဟာ အိမ်နီးချင်းနိုင်ငံတွေမှာ ကျားဖြန့်လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သံသယရှိထားခံရသူတစ်ဦးဖြစ်ပြီး ထိုင်းနိုင်ငံတွင်းကို ထွက်ပြေးဝင်ရောက်လာတာလည်း ဖြစ်ပါတယ်။ Yamaguchi ဟာ ထိုင်းနိုင်ငံကို မလာရောက်မီ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်တို့ကို မကြာခဏ ခရီးသွားလာနေပြီး အဲဒီနိုင်ငံတွေမှာ ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေတယ်လို့ သံသယရှိထားတယ်လို့လည်း ထိုင်းရဲချုပ် Thatchai Pitanilaburr က ပြောပါတယ်။


ထိုင်းရဲတပ်ဖွဲ့က သံသယရှိနေတဲ့ ဂျပန်နိုင်ငံသားဟာ ဘန်ကောက်မြို့ Sathorn ဒေသမှာ လစဉ်ငှားရမ်းခ ဘတ် ၁၈၀၀၀၀ တန် ဇိမ်ခံအိမ်တစ်လုံး ငှားရမ်းနေထိုင်နေတာဖြစ်ပြီး သူ့ကို မနေ့ မတ်လ ၂၀ ရက်နေ့က ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ ဂျပန်သံရုံး လက်ထောက်ရဲအရာရှိ Naoto Watanabe ကလည်း ထိုင်းရဲဌာနချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။


ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တဲ့ Yamaguchi ကို ဂျပန်အစိုးရကလည်း အလိုရှိနေတာဖြစ်ပြီး သူ့ကို ရုပ်ပိုင်းဆိုင်ရာညှင်းပန်းနှိပ်စက်မှု၊ ငွေကြေးလိမ်လည်မှု၊ ခိုးယူမှုအပါအဝင် အကြမ်းဖက်မှုတွေနဲ့ စွဲချင်တင်ခံထားရတာလည်း ဖြစ်ပါတယ်။



Yamaguchi ဟာ ပြီးခဲ့တဲ့နှစ်က ဂျပန်နိုင်ငံမှာ Last Samurai Japan နာမည်နဲ့ အနုပညာပစ္စည်းတွေရောင်းတဲ့ ကုမ္ပဏီတစ်ခုကို ဖွင့်လှစ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုတွေအရ သိရပြီး သူဟာ ကျားဖြန့်လုပ်ငန်းတွေကနေရတဲ့ ပိုက်ဆံတွေကို ငွေကြေးခဝါချဖို့အတွက် ကုမ္ပဏီကို အသုံးပြုခဲ့ဖွယ်ရှိတယ်လို့ ဆိုပါတယ်။


Yamaguchi ရဲ့အိမ်ကို ထိုင်းရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန် သူနဲ့အတူ တခြားဂျပန်နိုင်ငံသား ၄ ဦးကိုလည်း တွေ့ရှိခဲ့ရပြီး သူတို့တွေဟာ ငွေကြေးခဝါချမှုမှာ ပါဝင်ပတ်သက်ဖွယ်ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘတ်သန်း ၃၀ နီးပါးတန်ဖိုးရှိတဲ့ အွန်လိုင်းအသုံးပြုငွေကြေးပါဝင်တဲ့ Hardware တစ်ခုကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


Yamaguchi ကို ထိုင်းနိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာရုပ်သိမ်းဖို့ ဂျပန်သံရုံးကို ထိုင်းလူဝင်ကြီးကြပ်ရေးဌာနတွေကို မတ်လ ၁၃ ရက်မှာ အသိပေးအကြောင်းကြားခဲ့ပြီးနောက် ရက်ပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ Yamaguchi ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ပြီး လာမယ့် ဧပြီလအစောပိုင်းမှာ ပြည်နှင်ဒဏ်ပေးဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းရဲချုပ်က ပြောပါတယ်။


ဒါ့အပြင် ဂျပန်အစိုးရက အလိုရှိနေတဲ့ အခြားဂျပန်နိုင်ငံသားတစ်ဦးဖြစ်တဲ့ Miyashita Mashiro ကိုလည်း ကျားဖြန့်နှိမ်နင်းရေးစီမံချက်အတွင်း ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားနိုင်ပါသေးတယ်။ သူဟာ ဂျပန်နိုင်ငံတွင်း ခိုးယူမှုနဲ့စွဲချက်တင်ခံထားရသူလည်းဖြစ်ပြီး မြန်မာနိုင်ငံတွင်း ကျားဖြန့်လုပ်ငန်းတွေမှာ ငွေကြေးပိုင်းဆိုင်ရာ စီမံဆောင်ရွက်သူအဖြစ် ၂၀၂၅ ဇန်နဝါရီလကတည်းက လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်။ Miyashita ကိုလည်း မကြာမီရက်ပိုင်းအတွင်းမှာ ပြည်နှင်ဒဏ်ပေးဖို့ရှိနေတယ်လို့လည်း သိရပါတယ်။


Ref: The Nation

Comments


bottom of page