ခေါင်းဆောင်ဗိုလ်ကြီးတိုက်ပွဲမှာကျသွားလို့ စစ်ကောင်စီ တပ်သားသုံးဦး TNLAထံ အလင်းဝင်
- BVJ
- Apr 5
- 1 min read
BVJ/ဇော်_မတ် ၃၀၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ် တောင်ခမ်းကျေးရွာမှာရှိတဲ့ (၉၀၂) တပ်စခန်းက စစ်ကောင်စီတပ်သား (၃)ဦးဟာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLAတပ်ဖွဲ့ဆီကို အလင်းဝင်လာခဲ့တယ်လို့ TNLA က ဒီနေ့ မတ်လ(၃၀) ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီစစ်ကောင်စီတပ်သားသုံးဦးဟာ မတ်လ(၂၈)ရက်နေ့ ညနေသုံးနာရီအချိန်မှာ လက်နက် (၃)လက်နဲ့အတူ TNLA ထံအလင်းဝင်လာခဲ့တာဖြစ်ပြီး သူတို့ကိုဦးဆောင်တဲ့ ဗိုလ်ကြီးအဆင့်ရှိစစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ တိုက်ပွဲမှာသေဆုံးသွားတဲ့အတွက် ဦးဆောင်မယ့်သူမရှိတဲ့အချိန်မှာ ထွက်ပြေးလာခဲ့တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာအဲ့ဒီ စစ်ကောင်စီတပ်သား (၃) ဦးကို ကောင်းမွန်စွာစောင့်ရှောက်ပေးထားပြီး စစ်သုံ့ပန်း ဥပဒေနဲ့အညီ ထားရှိမယ်လို့ PSLF/TNLA အဖွဲ့က ပြောထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလ ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ TNLA နဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက နောင်ချိုမြို့ကို သိမ်းပိုက်ခဲ့ပြီး နောင်ချိုမြို့နဲ့ မိုင်နှစ်ဆယ်ကျော် အကွာမှာရှိတဲ့ တောင်ခမ်းရွာက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာ ရှစ်လကျော်အထိရှိလာပြီဖြစ်ပြီး တောင်ခမ်းရွာ အနီးတ၀ိုက်ကို စစ်ကောင်စီတပ်ကမြေပြင်ထိုးစစ်ဆင်လာတာကြောင့် နှစ်ဖက်တိုက်ပွဲတွေဟာ ဒီလဆန်းပိုင်းအထိ ဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်း TNLAဘက်က တပ်စခန်းတချို့ ပြန်ဆုတ်ပေးလိုက်ရတာတွေလည်း ရှိနေပါတယ်။
နောင်ချိုမှာ လက်ရှိတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘဲနဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်နေကြောင်းကို TNLAကထုတ်ပြန်ထားပါတယ်။ အဲ့ဒီလေကြောင်းတိုက်ခိုက်မှုတွေအတွင်း မတ်လ ၁၆ ရက်နေ့မှာ ရဟန်းသံဃာ (၆) ဦးအပါအဝင် (၉) ဦး သေဆုံးခဲ့ပြီး (၁၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို မတ်လ (၂၆) ရက်နေ့မှာတော့ ဒေသခံ (၄)ဦး သေဆုံးပြီး (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
မတ်လ (၂၈)ရက်နေ့က ဖြစ်ပေါ်ခဲ့တဲ့ အင်အားပြင်းငလျင်လှုပ်ခတ်နေချိန်မှာတောင် စစ်ကောင်စီတပ်က နောင်ချို့မြို့ကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ်(၃) လုံးနဲ့ စာသင်ကျောင်း (၂) ကျောင်းပျက်ဆီးခဲ့ပါတယ်။
Comments