ကသာမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၃ ဦး သေဆုံး၊ ၃၁ ဦး ဖမ်းဆီးခံရ
- BVJ
- Mar 23
- 1 min read
BVJ/ဇော်_မတ် ၂၂ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်တော်မြို့နယ်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၃) ဦးသေဆုံးခဲ့ပြီး (၃၁) ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ မတ်လ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ကသာမြို့နယ်အခြေစိုက် စစ်ကောင်စီ အမှတ် ၃၀၉ ခြေမြန်တပ်ရင်း၊ အမှတ် ၁၀၆ ခြေမြန်တပ်ရင်းနဲ့ အမှတ် ၆ ခြေလျင်တပ်ရင်း ပူးပေါင်းအင်အား ၁၅၀ ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ကသာမြို့နယ် ပင်လွတ်ရွာအနီး ပန်းတောင်ကြီး ပန်းတောင်လေးတောင်မှာ အခုလ ၁၅ ရက်နေ့က တိုက်ခိုက်ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၃ ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိကာ ၃၁ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိခဲ့သလို MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁)လက် နဲ့ MA10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀)တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံးနဲ့ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အမှတ် (၁) စစ်ဒေသကွပ်ကဲမှုနဲ့အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊ KPDF ၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နဲ့ ကသာမြို့နယ်ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေဘက်က ရဲဘော် (၂) ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
Commentaires