ကဗျာဆရာစောဝေရဲ့သမီးငယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့် ကွယ်လွန်
- BVJ
- Mar 23
- 1 min read
BVJ/ဇော်_မတ် ၂၃ ၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာ စောဝေရဲ့ သမီးငယ် နိုင်ငံရေးအကျဉ်းသူဟောင်း မရွှန်းစိမ့်စိမ့်ဟာ ဒီနေ့ မတ်လ ၂၃ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။ မရွှေန်းစိမ့်စိမ့် ကွယ်လွန်တဲ့သတင်းကို ရန်ကုန်မြို့က ကိုစောဝေနဲ့ရင်းနှီးတဲ့ စာပေလောကသားတစ်ဦးက အခုလိုအတည်ပြုပါတယ်။
“တီဘီရောဂါနဲ့ဆုံးသွားတာလို့ ကြားတယ်။ ထောင်ကျခဲ့တဲ့အချိန်တုန်းက ထောင်ထဲကနေ တီဗီရောဂါရလာတာ။ အသုဘကို နေ့ချင်းချလိုက်တာဆိုတော့ လိုက်မပို့လိုက်ရဘူး။ သူ့အဖေကလည်း အမေရိကားရောက်နေတယ်ဆိုတော့ စိတ်မကောင်းဘူးဗျာ"လို့ အထက်ပါပုဂ္ဂိုလ်က ပြောပါတယ်။
အသက် ၃၃ နှစ်အရွယ် မရွှန်းစိမ့်စိမ့်ဟာ ရန်ကုန်မြို့ ဗဟန်းမြို့နယ်က နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ မေလ ၁၃ ရက်က လှိုင်မြို့နယ် Royal Thukha ကွန်ဒိုမှာရှိနေတဲ့ မရွှန်းစိမ့်စိမ့်ကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေအတွင်း စစ်သင်တန်းနဲ့ ဖောက်ခွဲရေးသင်တန်းတက်ရောက်ခဲ့တယ်လို့ စွပ်စွဲပြီး ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးခံရပြီးနောက်ပိုင်း ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတာနဲ့ အကျဉ်းထောင်တွင်း ကျန်းမာ ရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့တာကြောင့် ကျန်းမာရေး ဆိုးဝါးလာတာလို့လည်း သိရပါတယ်။
“ထောင်ထဲမှာ ၂ နှစ်လောက်ဖြတ်သန်းခဲ့ရတဲ့အချိန်မှာ ဆေးဝါးလုံလောက်စွာမရရှိနိုင်ခဲ့တာကြောင့် ခံစားနေရတဲ့ ဝေဒနာကို ကြိတ်မှိတ်ခံခဲ့ရတယ်။ တောင့်ခံခဲ့ရတယ်။ ပြန်လည် လွတ်မြောက်လာတဲ့အချိန်မှာလည်း စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေကြောင့် အရင်လို ကျန်းကျန်းမာမာနဲ့ အလုပ်တွေ ဆက်မလုပ်နိုင်ဘဲ အိပ်ယာထဲမှာပဲဖြတ်သန်းခဲ့ရတယ်”လို့ မရွှန်းစိမ့်စိမ့်နဲ့ အကျဉ်းထောင်တွင်း အတူနေခဲ့ရသူ မဇူးဇူးမေယွန်းက ပြောပါတယ်။
စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုကိုခံခဲ့ရတဲ့ မရွှန်းစိမ့်စိမ့်ဟာ ၂၀၂၃ မေလ ၃ ရက်မှာ စစ်ကောင်စီလွတ်ငြိမ်းနဲ့ အင်းစိန်းထောင်ကနေ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက် ၂ နှစ်နီးပါးအကြာမှာ ကွယ်လွန်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
မရွှန်းစိမ့်စိမ့် ကွယ်လွန်ခဲ့တဲ့အပေါ် သူမရဲ့ဖခင်ဖြစ်သူ ကဗျာဆရာ ကိုစောဝေကလည်း “သမီးလေး ရဲဘော်အဖြစ် အဖေ မငိုဘူး။ သမီးအဖြစ်တော့ မျက်ရည်ကျရတာပေါ့”လို့ လူမှုကွန်ရက် Facebook မှာ မှတ်ချက်ပြုရေးသားထားပါတယ်။ မရွှန်းစိမ့်စိမ့် ကွယ်လွန်ခဲ့မှုအပေါ် နိုင်ငံရေးအသိုင်းအဝိုင်းနဲ့ ကဗျာအနုပညာအသိုင်းအဝိုင်းက ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ကြပါတယ်။
မရွှန်းစိမ့်စိမ့်ရဲ့ ဖခင်ဖြစ်သူ ကဗျာဆရာ ကိုစောဝေဟာ ၂၀၀၈ ခုနှစ် ရေးသားခဲ့တဲ့ ဖေဖော်ဝါရီဆယ့်လေးကဗျာမှာ “အာဏာရူးကြီး မှူးကြီးသန်းရွှေ”လို့ သွယ်ဝိုက်ရေးသားခဲ့တာကြောင့် နိုင်ငံတော်အသရေဖျက်မှုနဲ့ ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅-ခ နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပါတယ်။
Комментарии