top of page

ကန်ထရိုက်စာချုပ်နဲ့ အလုပ်လုပ်နေတဲ့ VOA ဝန်ထမ်းတွေ အလုပ်ရပ်စဲကြောင်း ထရမ့်အစိုးရက အသိပေးအကြောင်းကြား

  • BVJ
  • Mar 20
  • 1 min read

BVJ/Moore _ မတ် ၁၇ ၊ ၂၀၂၅


Photo: Getty Images
Photo: Getty Images

အမေရိကန်အသံ (VOA) အပါအဝင် အမေရိကန်အစိုးရက ထောက်ပံ့ထားတဲ့မီဒီယာတွေက စာချုပ်ဝန်ထမ်းတွေကို အလုပ်ရပ်စဲကြောင်း အသိပေးအကြောင်းကြားစာပေးပို့မှုကို သမ္မတဒေါ်နယ်ထရမ့်အစိုးရအဖွဲ့က မနေ့ မတ်လ ၁၆ ရက် တနင်္ဂနွေနေ့မှာ စတင်လုပ်ဆောင်နေပြီလို့ ဘန်ကောက်ပို့စ်သတင်းဌာနက ဖော်ပြထားပါတယ်။


ထရမ့်အစိုးရရဲ့ လုပ်ဆောင်မှုဟာ ကမ္ဘာတစ်ဝန်း အမေရိကန်ရဲ့ ကာလရှည် မီဒီယာဩဇာလွှမ်းမိုးမှုကို ရှင်းလင်းပစ်လိုတဲ့ရည်ရွယ်ချက်ကို ပေါ်လွင်စေတာလည်းဖြစ်တယ်လို့လည်း AFP သတင်းဌာနက ဖော်ပြထားပါတယ်။


အမေရိကန်ကမ္ဘာ့မီဒီယာ (USAGM) အပါအဝင် ဌာန ၆ ခုကို ဝန်ထမ်းအနည်းဆုံးအရေအတွက်ထိ လျှော့ချပြီး မလိုအပ်တဲ့အစိုးရလုပ်ငန်း၊ ဗျူရိုကရေစီယန္တရား ဆက်လက်လျှော့ချဖို့နဲ့ ဖယ်ရှားဖို့အထိ ထရမ့်အစိုးရက လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။


မတ် ၁၄ ရက်မှာ ထရမ့်ရဲ့ အမိန့်ညွှန်ကြားချက်ထွက်လာပြီးနောက်မှာ အချိန်ပြည့်ဝန်ထမ်းတွေကို လုပ်ငန်းခွင်အတွင်း ဝင်ရောက်ခွင့်မပေးတော့ဘဲ လစာပြည့်ခွင့်ယူဖို့နဲ့ ရုံးကို လာရောက်ဖို့မလိုကြောင်း အီးမေးလ်ကနေတဆင့် အသိပေးအကြောင်းကြားခဲ့ပါတယ်။ အဲဒီနောက် VOA သတင်းဌာနမှာ စာချုပ်နဲ့ခန့်ထားတဲ့ ဝန်ထမ်းတွေကိုလည်း အလုပ်ရပ်စဲကြောင်း မနေ့ မတ်လ ၁၆ ရက်မှာ ထပ်မံအသိပေးအကြောင်းကြားလာတာလည်း ဖြစ်ပါတယ်။


VOA သတင်းဌာနတွေမှာ စာချုပ်နဲ့ အလုပ်လုပ်ကိုင်သူတွေ အလုပ်ရပ်စဲခံရတဲ့အကြောင်းကြားစာ ရရှိကြောင်း AFP သတင်းဌာနက အတည်ပြုနိုင်ခဲ့ပြီး သတင်းဌာနတွေရဲ့ အဆောက်အအုံအတွင်းနဲ့ စနစ်တွေအတွင်း ဝင်ရောက်ခွင့်ကို တားမြစ်ကြောင်းလည်း အသိပေးစာမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။


လက်ရှိအချိန်ထိ အလုပ်ရပ်စဲခံရတဲ့ စာချုပ်ဝန်ထမ်းအရေအတွက်ကို မသိရသေးသော်လည်း ဝန်ထမ်းအများစုဟာ အမေရိကန်နိုင်ငံသားများမဟုတ်သလို သတင်းဌာနတွင်းလုပ်ကိုင်ရာမှာ အင်္ဂလိပ်ဘာသာစကားမဟုတ်တဲ့ တခြားဘာသာစကားနဲ့ သတင်းရေးသားဖော်ပြတာတွေ လုပ်ကိုင်နေရတာလည်း ဖြစ်ပါတယ်။


VOA သတင်းဌာနက အချိန်ပြည့်ဝန်ထမ်းတွေကတော့ တရားဥပဒေအရ အာမခံအကာအကွယ်ပိုမိုရရှိထားတာကြောင့် ချက်ချင်းအလုပ်ရပ်စဲမခံရပေမဲ့ လစာပြည့်ခွင့်ယူဖို့ ညွှန်ကြားခံထားရတာမျိုး ရှိနေပါတယ်။ ဒါပေမဲ့ အမေရိကန်နိုင်ငံသားမဟုတ်တဲ့ စာချုပ်ဝန်ထမ်းအများစုကတော့ အလုပ်ရပ်စဲခံရတာကြောင့် အလုပ်အကိုင်ဆုံးရှုံးမှုနဲ့အတူ အမေရိကန်နိုင်ငံတွင်း ဆက်လက်နေထိုင်ခွင့်အတွက် အခက်အခဲတွေ ရှိလာနိုင်တယ်လို့လည်း သိရပါတယ်။

Comments


bottom of page