BIMSTEC အစည်းအဝေးတက်ရောက်ဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဘန်ကောက်ကိုလာဖို့ရှိနေ
- BVJ
- Mar 23
- 1 min read
BVJ/Moore _ မတ် ၂၃ ၊ ၂၀၂၅

စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကဏ္ဍပေါင်းစုံအစည်းအဝေး (BIMSTEC) ကို တက်ရောက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို လာမယ့်ဧပြီလဆန်းပိုင်းမှာ လာရောက်ဖို့ရှိနေတယ်လို့ ထိုင်းသတင်းဌာန ThaiPBS က ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံ အိမ်ရှင်အဖြစ် ဦးဆောင်ပြုလုပ်မယ့် ၆ ကြိမ်မြောက် BIMSTEC အစည်းအဝေးကို လာမယ့် ဧပြီလဆန်းပိုင်းမှာကျင်းပမှာဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင် လာရောက်မယ့်အပေါ် အတည်ပြုထားနိုင်တယ်လို့ ThaiPBS က သတင်းရင်းမြစ်ကို ကိုးကားပြီး ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် ထိုင်းနိုင်ငံကို လာရောက်ခဲ့ပါက အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ဧပြီလမှာ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ပြီးချိန် နောက်ထပ် အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုကို ထပ်မံလာရောက်တာလည်း ဖြစ်ပါတယ်။
လာမယ့် ဧပြီ ၃ ရက်နဲ့ ၄ ရက်မှာ ပြုလုပ်မယ့် BIMSTEC အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ၊ သီရိလင်္ကာ၊ ဘူတန်၊ နီပေါနဲ့ ထိုင်းနိုင်ငံတို့ တက်ရောက်မှာဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာကဏ္ဍ၊ ဆက်သွယ်ရေး၊ စွမ်းအင်နဲ့ ငါးလုပ်ငန်းကဏ္ဍတွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
ဒီ ၆ ကြိမ်မြောက် BIMSTEC အစည်းအဝေးကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလနဲ့ ၂၀၂၄ စက်တင်ဘာလက ထိုင်းနိုင်ငံမှာ ပြုလုပ်ဖို့ ပြင်ဆင်ခဲ့ပေမဲ့ ရွှေ့ဆိုင်းခဲ့တာကြောင့် အခုနှစ် ဧပြီလဆန်းပိုင်းမှာ အိမ်ရှင်အဖြစ် ထိုင်းနိုင်ငံက ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
သီရိလင်္ကာနိုင်ငံမှာ ၂၀၂၂ ခုနှစ်က ပြုလုပ်ခဲ့တဲ့ ၅ ကြိမ်မြောက် BIMSTEC အစည်းအဝေးကိုတော့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်ခဲ့ပါသေးတယ်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း BIMSTEC အစည်းအဝေးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေ တက်ရောက်ခွင့်ရရှိနေတဲ့အပေါ် နိုင်ငံတကာရဲ့ ဝေဖန်မှုတွေလည်း ရှိနေခဲ့ပါတယ်။
Comments